မကွေးမြို့နယ်တွင် မိုးသီးနှံများစတင်စိုက်ပျိုး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ၂၀၂၄ခုနှစ်၊ မေလ(၂၅)ရက်‌နေ့မှစတင်၍ မုန်တိုင်းအရှိန်အဟုန်ကြောင့် သီးနှံစိုက်ကွင်းများ ဒေသခံတောင်သူများ၌ မိုးဦးသီးနှံများကို မိုးကောင်းသောက်လယ်ယာမြေများ၌ စတင်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရှိရပါသည်။

    မကွေးမြို့နယ်ရှိ ဒေသခံတောင်သူများအား မိုးကောင်းသောက်ယာမြေများ၌ မိုးဦးသီးနှံအဖြစ် နှမ်းနှင့်မြေပဲသီးနှံစိုက်ခင်းများအတွင်း ပဲစဉ်းငုံသီးနှံကို သီးညှပ်စိုက်ပုံစံဖြင့်အများဆုံးစိုက်ပျိုးလေ့ရှိပြီး နေကြာ၊ ပဲတီစိမ်းနှင့် အခြားသီးနှံများကိုလည်းစိုက်ပျိုးကြကြောင်း၊ ယခုနှစ်အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးမှုတိုးတက်ရေး အထူးဇုန်လုပ်ငန်းအဖြစ် မိုးနှမ်း၊ မိုးမြေပဲနှင့် မိုးနေကြာစိုက်ပျိုးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံစိုက်ခင်းများတွင် တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်ပျိုးမှုပုံစံမှန်ကန်စေရေးအတွက် သီးနှံစိုက်ပျိုးမှုအဆင့်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ဇယားကားချပ်များဖြင့် တောင်သူများအားအသိပညာပေးရှင်းလင်းခြင်း လုပ်ငန်းများကိုကွင်းဆင်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

    မိုးကောင်းသောက်ယာမြေဖြစ်၍ မိုးရွာချိန်တွင် ဦးအောင်စိုက်ပျိုးရကြောင်း၊ တောင်သူအားလုံးမှ ယာလုပ်ငန်းခွင်ဝင်တဲ့အချိန်ကာလတူကြ၍ မိုးပွင့်တာနဲ့ တပြိုင်တည်းနီးပါး စိုက်ပျိုးကြပါကြောင်း၊ လုပ်သားလိုအပ်ချက်နဲ့ လယ်ယာသုံးစက်ကိရိယာ(ထွန်စက်)လိုအပ်ချက် အခက်အခဲများရှိသော်လည်း တောင်သူများမှာ ကိုယ့်မိသားစုလုပ်အားနှင့် ပင်တိုင်အလုပ်သမား လုပ်အားကိုသာအားကိုးနေရကြောင်း၊ တစ်ဧကကို နှမ်းမျိုးစေ့နှစ်ပြည်ခန့်ကုန်ကျပြီး  ရက်ပေါင်း (၉၀)မှ(၁၀၀)ကြား နှမ်းအမျိုးအစားပေါ်မူတည်၍ တစ်ဧကကို (၁၂)တင်းခန့်ထွက်ရှိပြီး တောင်သူအများစုမှာ စျေးကောင်းရသည့် စမုံနက်ကိုဦးစားပေးစိုက်ပျိုးကြပါကြောင်း၊ ယခင်နှစ်ကသီးနှံပေါ်ချိန်တွင် စမုံနက်နဲ့ပဲစဉ်းငုံသီးနှံမှာ ပြန်လည်ရောင်းချချိန်တွင် စျေးကောင်းရရှိခဲ့ပါကြောင်း မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာမှ တောင်သူဦးမြင့်သိုင်းဝင်းထံမှ သိရှိရပါသည်။

    မကွေးမြို့နယ်အတွင်းရှိကျေးရွာများတွင် ယခုရက်ပိုင်းမိုးဖြင့် မိုးသီးနှံများကိုတစ်နယ်လုံးစတင် စိုက်ပျိုးလျက်ရှိကြောင်း၊ ယခုနှစ်စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး အထွက်နှုန်းတိုးတက်ရေးနှင့် ဒေသအတွင်းစားသုံးဆီဖူလုံစေရေးတို့အတွက် မိုးသီးနှံထွက်သီးနှံအဖြစ် နှမ်း၊ မြေပဲ၊ နေကြာသီးနှံများကို တိုးချဲ့စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)