ဧရာအနောက်မြို့တော်မှ မြန်မာညှပ်ဖိနပ်များ၏ ဈေးနှုန်းဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ်(၁၂)၊ အမှတ် (၁၃)နှင့် အမှတ်(၁၄) ရပ်ကွက်များတွင် မြန်မာ့ သားရေညှပ်ဖိနပ်များကို ရှေးယခင်များစွာကပင်လုပ်ကိုင်လာကြပါသည်။ မြန်မာ့သားရေညှပ်ဖိနပ်များမှာ ခိုင်ခန့်ခြင်း၊ ကျန်းမာရေးနှင့်လည်းညီညွတ်ခြင်း၊ စီးရသည့်နေရာမှာလည်း သက်တောင့်သက်သာရှိခြင်းတို့ကြောင့် လူကြိုက်များလှပါသည်။  ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့ညှပ်ဖိနပ်လုပ်ငန်းများဖြစ်သော ဧရာဝဏ်ဆင်၊ ခိုပျံ၊ ဂရိတ်၊ မောင်မယ်၊ မြအိုးစည်၊ ရွှေကျားနှင့် ရွှေအိုးစည် ဖိနပ်လုပ်ငန်းများမှာ လုပ်သားဦးရေ (၁၀) ဦးမှ (၂၀)ဦးဖြင့်လုပ်ကိုင်လျက်ရှိပါသည်။

      မြန်မာ့ညှပ်ဖိနပ်ကို နွား၏သားရေအရိုင်းဖြင့်ပြုလုပ်ရပါသည်။ နွား၏သားရေအရိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ မန္တလေးတိုင်းဒေသကြီးမြင်းခြံနှင့် ပခုက္ကူခရိုင်၊ ကန်တော်ဒေသတို့မှဝယ်ယူရကြောင်း၊ မြန်မာ့သားရေဖိနပ်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများကို  မန္တလေးတိုင်းဒေသကြီးမှဝယ်ယူရကြောင်း ဖိနပ်ခုံပိုင်ရှင်များထံမှသိရှိရပါသည်။  မြန်မာ့ညှပ်ဖိနပ်ကို မစီး၊ ကျားစီးများ၊ ကလေးစီးသားရေဖိနပ်များပြုလုပ်ရောင်းချလျက်ရှိကြောင်း၊ သားရေဖိနပ်အမျိုးအစားကိုလိုက်၍  ကျားစီးသားရေဖိနပ် တစ်ရံလျှင် ကျပ်(၁၃၀၀၀)၊ မစီးသားရေဖိနပ်တစ်ရံလျှင် ကျပ် (၁၀၀၀၀)၊ ကလေးစီးတစ်ရံလျှင် ကျပ်(၈၀၀၀)ဖြင့်ရောင်းချနေကြောင်း၊ သားရေညှပ်ဖိနပ်များအပြင် ကတ္တီပါဖိနပ်များကိုလည်းပြုလုပ်ရောင်းချလျက်ရှိပါသည်။ မြန်မာ့သားရေညှပ်ဖိနပ်သည် မြန်မာလူမျိုးများအတွက် နွေ၊ မိုး၊ ဆောင်းရာသီသုံးပါးအတွက်  မရှိမဖြစ်လိုအပ်ပြီး အလှူ၊ မင်္ဂလာပွဲများတွင်လည်း ပွဲတက်ဖိနပ်အဖြစ် အစီးများသောဖိနပ်ဖြစ်ကြောင်း၊ မြန့်မာ့သားရေညှပ်ဖိနပ်များကို မြန်မာပြည်အောက်ပိုင်း၊ အထက်မြန်မာပြည်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဖိနပ်ခုံများမှသိရှိရပါသည်။

DOCA(မကွေး)