“ မန်ကျည်းသီးမှည့်လာ၊ တို့ပြည်သာ၊ ပြည်ပဝင်ငွေရှာ ”

Powered by Drupal

           ပြည်ထောင်စုနယ်မြေအတွင်းမှ နှစ်စဉ်ပြည်ပဝင်ငွေရရှိစေသော မန်ကျည်းသီးမှည့် (အစေ့ပါ/ အကြောဆွဲ)များအား နေပြည်တော်မှ ရန်ကုန်သို့ တင်ပို့နေမှု အခြေအနေများကို နေ့စဉ်တွေ့မြင်နေရပါသည်။

           နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှ နေ့စဉ်နီးပါးခန့် ပိဿာချိန်‌(၈၀၀၀)ကျော် တင်ပို့မှုရှိနေသည်ကို တွေ့ရှိနေရပြီး ယခင်တင်ပို့ပြီး မန်ကျည်းသီးမှည့် ပိဿာချိန်(၁၇၀၀၀၀)ကျော် တင်ပို့ပြီးဖြစ်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ နေပြည်တော်အနေဖြင့် ယခင်နှစ် မန်ကျည်းသီးမှည့် တင်ပို့မှုမှာ ပိဿာချိန် (၃)သိန်းကျော် တင်ပို့နိုင်ခဲ့သည်ဟုလည်း သိရပါသည်။

       ပြည်ပတင်ပို့မှုအနေဖြင့် ယခင်နှစ်များက မြန်မာနိုင်ငံမှ မလေးရှားသို့ တင်ပို့မှုသာရှိနေသည့် အနေအထားရှိခဲ့သော်လည်း ယခုနှစ် မန်ကျည်းမှည့်တင်ပို့မှုများတွင် ပါကစ္စတန်သို့ တင်ပို့ရန်အတွက် ဝယ်ယူနေသည်ဟုသိရှိရပြီး တင်ပို့မှုများ အသင့်အနေအထားဖြစ်စေရန်အတွက် ထုတ်ပိုးမှုတွင် အိတ်အတွင်း ရေစိုခံပလပ်စတစ်ကို အတွင်းခံအဖြစ် အသုံးပြု၍ အိတ်တစ်အိတ် အလေးချိန်(၃၀.၆၅) ပိဿာ ထည့်သွင်းထုတ်ပိုးခြင်းဖြင့် တင်ပို့နေရသည်ဟု သိရပါသည်။

     မန်ကျည်းမှည့်စတင်ထွက်ပေါ်ချိန် ဒီဇင်ဘာလနောက်ဆုံးအပတ်မှစတင်၍ ဈေးနှုန်းဖြစ်ပေါ်လာမှုတွင် မန်ကျည်းသီးမှည့် (အစေ့ပါ/အကြောဆွဲ) မန်ကျည်းသီးမှည့် တစ်ပိဿာ(၁၃၀၀)ကျပ် ဈေးဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီလ ဒုတိယအပတ်တွင်(၁၂၅၀)ကျပ်အထိ ဈေးရှိခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် (၁၃၀၀)ကျပ် ဈေးဖြစ်ပေါ်ခဲ့ပါသည်။ ယခင်နှစ်မန်ကျည်းသီးမှည့် တစ်ပိဿာ ဈေးမှာ(၁၂၀၀) ကျပ်ဈေးနှုန်းသာ အမြင့်ဆုံးဖြစ်ခဲ့သည်ဟုလည်း သိရှိရပါသည်။

       သို့ဖြစ်ပါ၍ မန်ကျည်းပင်သည် ‌ရှေးလူကြီးများအဆိုအရ “နွေ ထနောင်း၊ ဆောင်း မန်ကျည်း” နွေရာသီတွင် ထနောင်းရိပ်က အေးချမ်းမှုကိုပေးစွမ်းသလို ဆောင်းရာသီတွင် မန်ကျည်းပင်ရိပ်က အေးချမ်းမှုကို ပေးစွမ်းနိုင်သည်ဟု ဆိုရိုးစကားရှိထားခဲ့သည့်အပြင် အရွက်နု၊ အသီးနု၊ အသီးမှည့်ကို   လည်း ဟင်းလျာအဖြစ်စား၊ အကိုင်းအခတ် အတက်အလက်ကိုလည်း ထင်း၊ မီးသွေး၊ လောင်စာအဖြစ် သုံးလို့ရ၊ အသီးမှည့်ကိုလည်း မြန်မာ့တိုင်းရင်းဘယဆေးဖက်ဝင်သည့်အပြင် တန်ဖိုးမြင့်ထုတ်ကုန် (value added) စားသောက်ကုန်အဖြစ် မန်ကျည်းသီးမှည့်အား မန်ကျည်းလိပ်၊ မန်ကျည်းပြား၊ မန်ကျည်းတော်ဖီ၊ မန်ကျည်းဖျော်ရည်၊ ဆေးမန်ကျည်း၊ အလှကုန်ပစ္စည်းများ စသည်ဖြင့် ပြည်ပဝင်ငွေရရှိစေသည့် တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအဖြစ် မန်ကျည်းသီးမှည့် ထုတ်လုပ်မှုစွမ်းအား ပိုမိုမြှင့်တင်ကြစေရန် ရည်ရွယ်လျက် သတင်းကောင်းတစ်ပုဒ်အဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)