စားအုန်းဆီများ မှန်မှန်ကန်ကန်ရောင်ချမှုရှိစေရေး ညောင်ဦးခရိုင်ဆီအသင်းနှင့် လက်လီ/ လက်ကားရောင်းချသူများအား တွေ့ဆုံဆွေးနွေး

Powered by Drupal

     စားသုံးဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကိုသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူသုံးစွဲနိုင်စေရေးတို့အတွက်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား  စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများက  သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် လက်ကားကုန်သည်များကို  ဖြန့်ဖြူးရောင်းချပေးစေလျက်ရှိပါသည်။

      အဆိုပါစားအုန်းဆီများကို စားသုံးသူပြည်သူများ မှန်မှန်ကန်ကန်မျှမျှတတဝယ်ယူရရှိနိုင်ရေးအတွက် (၆-၆-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာ၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းစိုးသည် ညောင်ဦးခရိုင်ဆီအသင်းနှင့် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသူတို့အား တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ရာ ဦးသန်းစိုးက ဆီအသင်း၏တာဝန်ရှိသူများအား စားအုန်းဆီများကို အများပြည်သူတို့ထံရောင်းချရာတွင် စိတ်စေတနာအပြည့်အဝထား၍ အလေးချိန်၊ အချင်အတွယ်များ၊ သတ်မှတ်ဈေးနှုန်းများ၊ သတ်မှတ်အရေအတွက်များအတိုင်း မှန်မှန်ကန်ကန်ရောင်းချကြရန်၊  စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်မှုရှိအောင် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအညီ တင်သွင်းရောင်းချပေးခဲ့သည့် စားအုန်းဆီများအတိုင်း ပြန်လည်ရောင်းချကြရန်နှင့် အရည်အသွေးမပြည့်မီသော အခြားဆီများရောနှောရောင်းချခြင်းများမပြုလုပ်ကြရန် အထူးလိုအပ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သင့်တင့်မျှတသည့် အကျိုးကျေးဇူးများလည်းရှိသည်ဖြစ်၍ မှန်မှန်ကန်ကန်ရောင်းချခြင်းဖြင့် စားသုံးသူပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်းနှင့် မှန်ကန်မှုမရှိသောရောင်းချမှုများကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်မှုများခံရမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့်အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ရာ ဟောပြောဆွေးနွေးပွဲသို့ ဆီအသင်းနှင့်လုပ်ငန်းရှင် စုစုပေါင်း (၃၃)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)