စားသုံးသူရေးရာဦးစီးဌာန ၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီကုန်သည်ကြီးများနှင့်ပူးပေါင်းအဖွဲ့တို့သည် (၂၂.၂.၂၀၂၂) ရက်နေ့ (၉:၃၀)အချိန်တွင် မိတ္ထီလာမြို့ မြို့မစျေးကြီးအတွင်းရှိ စားသုံးဆီဆိုင်များ၊ ကုန်စုံဆိုင်များတွင် (Vegetable Oil နှင့် Cooking Oil) ဟု တံဆိပ်ကပ်ရောင်းချနေသော စားသုံးဆီများနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်သားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား သိရှိနိုင်ပါရန် ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် အစားအသောက်ကုန်စည်အုပ်စုတွင်ပါဝင်သည့် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြရန်လိုအပ်သည့်အတွက် ညွှန်ကြားချက်အားထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ယခုအခါတွင် စျေးကွက်အတွင်း၌ အချို့သောစားသုံးဆီများသည် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil နှင့် Cooking Oil) ဟု ဖော်ပြချက်သည် ကုန်စည်တစ်ခု၏ အမျိုးအမည်မဟုတ်သည့်အပြင် စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေသည့်အတွက် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil နှင့် Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ပင်းရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်အမျိုးအမည်ကို တိကျစွာမြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏအား မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် (၁/၂၀၂၁) ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းညွှန်ကြားချက်သည် (၂၀-၆-၂၀၂၂) ရက် (၆)လပြည့်မြောက်ပြီးသည့်နေ့တွင် စတင်အာဏာတည်မည်ဖြစ်၍ စားသုံးဆိုင်များအနေဖြင့် ပြင်ဆင်ချိန် ယခုလိုပေးထားသော ကာလအတွင်း ရောင်းချနိုင်သော်လည်း၊ အာဏာသက်ရောက်သည့်နေ့မှစ၍ မရောင်းချစေရေး၊ အဆိုပါ ဆီများလာရောက်ပေးပို့သော လုပ်ငန်းရှင်များကိုလည်း မျှဝေပြောကြားသွားရန် စားသုံးဆီရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်း၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
DOCA(မန္တလေး)