“မတ္တရာမြို့နယ်၏ဆန်စပါးစျေးကွက်အခြေအနေကွင်းဆင်းလေ့လာ”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ မတ္တရာမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီ စီးပွားရေးအချက်အခြာကျသောဒေသဖြစ်ပါသည်။မြို့နယ်၏အဓိကထွက်ကုန်မှာ ဆန်၊ စပါးနှင့်ပဲမျိုးစုံဖြစ်ပြီး ဒေသခံပြည်သူလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါသည်။ ဆည်တော်ကြီးရေလှောင်တမံ တည်ရှိရာဒေသဖြစ်သည့်အတွက်   ဆည်ရေသောက်နည်းစနစ်ဖြင့် အများဆုံးစိုက်ပျိုးကြပြီး နွေစပါး ၊ မိုးစပါး နှစ်ရာသီလုံးစိုက်ပျိုး ထွက်ရှိရာဒေသဖြစ်ပြီး ဆန်ပိုဒေသလည်းဖြစ်ပါသည်။ စပါးမျိုးကွဲများအနေဖြင့် ဧရာမင်း(မဂျမ်းတော)၊ မနောသုခ၊ ရက်(၁၁၀)၊ ရက်(၉၀) နှင့်ချမ်းမြေ့မေ စပါးမျိုးများကို စိုက်ပျိုးကြပါသည် ။ အရည်အသွေးအကောင်းဆုံးနှင့် စားသုံးမှုအကောင်းဆုံးဆန်မှာ မဂျမ်းတောဆန် အမျိုးအစားဖြစ်ပြီး မိုးစပါးတစ်ရာသီသာလျှင် စိုက်ပျိုးပြီး ကျန်စပါးမျိုးများမှာ မိုး ၊ နွေ နှစ်ရာသီလုံးစိုက်ပျိုးကြပါသည်။မိုးစပါးများကို မတ္တရာမြို့နယ်၌ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် (၅၇၉၈၀)ဧကစိုက်ပျိုးပြီး (၄၇၃၈၆)ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင်(၉၀.၁၉)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ မိုးစပါးထွက်ပေါ်ချိန်တွင် (၄၆)ပေါင်ကိုက် စပါးတင်း(၁၀၀)လျှင် မဂျမ်းတော(၈၅၀၀၀၀-၉၀၀၀၀၀)ကျပ် ၊ မနောသုခ(၇၀၀၀၀၀-၇၅၀၀၀၀)ကျပ် ၊ ရက်(၁၁၀) နှင့် ရက်(၉၀) (၆၅၀၀၀၀-၇၀၀၀၀၀)ကျပ် စျေးနှုန်းများဖြင့်လည်းကောင်း ၊ ဆန်(၂၄)ပြည် တစ်အိတ်လျှင် မဂျမ်းတော(၃၄၀၀၀-၃၅၀၀၀)ကျပ် ၊ မနောသုခ(၂၇၀၀၀-၂၈၀၀၀)ကျပ် ၊ ရက်(၁၁၀) နှင့် ရက်(၉၀) (၂၃၀၀၀-၂၄၀၀၀)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ရှိခဲ့ရာမှ ယခုအချိန်တွင် မဂျမ်းတောစပါး ( ၉၀၀၀၀၀ -၉၅၀၀၀၀)ကျပ် ၊ မနောသုခ(၇၅၀၀၀၀-၈၀၀၀၀၀)ကျပ် ၊ ရက်(၁၁၀) နှင့် ရက်(၉၀) (၇၀၀၀၀၀-၇၅၀၀၀၀)ကျပ် စျေးနှုန်းများဖြင့်လည်းကောင်း၊ မဂျမ်းတောဆန်(၃၅၀၀၀-၃၆၀၀၀)ကျပ်၊ မနောသုခ (၂၇၀၀၀-၂၈၀၀၀)ကျပ်၊ ရက်(၁၁၀)နှင့်ရက်(၉၀) (၂၅၀၀၀-၂၆၀၀၀)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။မိုးစပါးထွက်ပေါ်စအချိန်နှင့် ယခုအချိန် ဆန်စပါးစျေးနှုန်းများနှိုင်းယှဉ်ကြည့်ပါက စပါးစျေးနှုန်းများတက်နေပြီး ဆန်စျေးနှုန်းမှာ အနည်းငယ်သာပြောင်းလဲခဲ့ပြီး ဆန်စျေးကွက်တန်း နေပါသည်။ထွက်ပေါ်စ စပါးစျေးနှုန်းများမှာ ရိတ်သိမ်းချွေစက်ကျ စပါးအစိုစျေးနှုန်းများဖြစ်ပြီး ယခု အချိန်စပါးများမှာ  စပါးအခြောက်၊အဟောင်းဘက်သို့ ရောက်ရှိပြီး လှောင်စပါးများဖြစ်သောကြောင့် စပါးစျေးနှုန်းမြင့်တက်နေရခြင်းဖြစ်ပါသည် ။ ထွက်ပေါ်စအချိန်တွင် အနယ်နယ်အရပ်ရပ်မှ မိုးစပါးများထွက်ပေါ်ချိန်ဖြစ်၍ မဂျမ်းတောဆန်သာအရောင်းအဝယ်သွက်ပြီး ကျန်ဆန်များအရောင်းအဝယ် အေးနေခဲ့ပါသည်။ဆန်များကို ဒေသတွင်းစားသုံးမှုနှင့်မန္တလေးစျေးကွက်သို့သာ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊စက်ပိုင် ၊ ကုန်သည်၊ပွဲစားများထံမှသိရှိရပါသည်။

DOCA(မန္တလေး)