ကျောက်ပန်းတောင်းထန်းလျက်ဈေးကွက်အခြေအနေ

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ထန်းပင်အများဆုံး စိုက်ပျိုးထွက်ရှိရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ထန်းပင် စိုက်ပျိုးမှုအနေဖြင့်(၄၁၇၂)ဧကရှိ ‌ကြောင်းသိရှိရပြီး ယခင်နှစ်များက ထန်းလှီးတောင်သူ နည်းပါး ခြင်း၊ မိုးနည်းခြင်းတို့ကြောင့် ထန်းလျက်ထွက်ရှိမှုနည်းခဲ့ပါသည်။ယခုနှစ်တွင် ထန်းလှီးတောင်သူများ တိုးလာပြီး မိုးကောင်းမွန်ခဲ့သောကြောင့် ယခင်နှစ်ထက် အထွက်နှုန်း သုံးဆခန့် ပိုမိုထွက်ရှိမည်ဟု ခန့်မှန်းကြောင်း ထန်းတောင်သူတစ်ဦးထံမှ သိရပါသည်။ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ နှစ်ကျပ်ခွဲ၊ တောင်ဇင်၊ လက်ပံပင်၊တောင်ခြေ၊ ကျွန်းခင်းကြီး၊ ဂွေးပင်၊ ကြောင်ရှာတော၊ စမ်းစု စသည့်ကျေးရွာများမှ ထန်းလျက်များ စတင်ထွက်ရှိနေပြီး ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ဖေဖော်ဝါရီလမှ စတင်၍ထန်းဖိုထန်းလျက်ကို ဈေးကွက်အတွင်းအရောင်းအဝယ် ပြုလုပ်ကြပါ သည်။

            ၂၀၂၀ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ထန်းလျက်အထွက်ပိဿာပေါင်း (၁၅၀၀၀၀၀)ခန့်ထွက်ရှိခဲ့ကြောင်းသိရှိရပြီး ထန်းလျက်များစတင်ထွက်ပေါ်ချိန်ဖြစ်သည့် ဖေဖော်ဝါရီလတွင် ထန်းလျက်လုံးသေးတစ်ပိဿာလျှင် (၁၉၀၀)ကျပ်၊လုံးလတ်တစ်ပိဿာလျှင် (၁၈၀၀)ကျပ်၊ လုံးကြီးတစ်ပိဿာလျှင်(၁၇၀၀)ကျပ်တို့ဖြင့် စတင်အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ နှစ်ကုန် ဒီဇင်ဘာလ၌ လုံးသေးတစ်ပိဿာလျှင်(၂၀၅၀)ကျပ်၊လုံးလတ်(၂၀၀၀)ကျပ်၊လုံးကြီး(၁၉၀၀) ကျပ်တို့ဖြင့် ဈေးပိတ်ခဲ့ပါသည်။

         ၂၀၂၁ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်အနေဖြင့် ထန်းလျက်အထွက် ပိဿာပေါင်း (၁၀၀၀၀၀၀) ခန့် ထွက်ရှိခဲ့ကြောင်း သိရှိရပြီး စတင်ပေါ်ချိန်တွင် လုံးသေးတစ်ပိဿာလျှင်(၁၃၀၀) ကျပ်၊လုံးလတ်မှာ(၁၂၀၀)ကျပ်နှင့် လုံးကြီး(၁၀၅၀)ကျပ်တို့ဖြင့် စတင်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဒီဇင်ဘာလဈေးပိတ်ချိန်တွင် လုံးသေးတစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ လုံးလတ်(၂၃၀၀)ကျပ်နှင့် လုံး ကြီးမှာ(၂၁၅၀) ကျပ် တို့ဖြင့်ဈေးပိတ်ခဲ့ပြီး လက်ကျန်မရှိကြောင်း သိရပါသည်။

           ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလမှစတင်၍ ထန်းလျက်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ လုံးသေးတစ်ပိဿာလျှင်(၂၄၀၀)ကျပ်၊ လုံးလတ်တစ်ပိဿာလျှင်(၂၃၀၀)ကျပ်၊ လုံးကြီးမှာ ထွက်ပေါ်မှု မရှိသေးကြောင်းနှင့်တစ်ရက်လျှင် အဝင်ပိဿာပေါင်း(၁၂၀၀၀)ပိဿာခန့် ဝင်ရောက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။ထန်းလျက်ကို ပြည်ပတင်ပို့မှုအနေဖြင့် မရှိသေးကြောင်းနှင့် ပြည်တွင်းဈေးကွက်များဖြစ်သည့် ရန်ကုန်၊မန္တလေး၊နေပြည်တော်၊ တောင်ကြီး၊ မိထ္တီလာ၊နတ်မောက်၊ပြည်၊အောင်လံ၊တောင်တွင်းကြီး၊မကွေး၊ဆင်ဖြူကျွန်း စသည့်မြို့ကြီးများသို့  အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း သိရပါသည်။ထန်းလျက်အား တန်ဖိုးမြှင့်ထုတ်ကုန်(Value Added)အနေဖြင့် ကျောက်ပန်းတောင်းမြို့၊သာယာအေးရပ်ကွက်ရှိ Toddy Palm Village Food Distribution မှ ထန်းလျက်အမှုန့်၊ထန်းသကြားမှုန့်၊ချင်းထန်းလျက်မှုန့်တို့ကို မြန်မာ့ရိုးရာစားသောက်ကုန်တစ်မျိုးဖြစ်တဲ့ ထန်းလျက်ဈေးကွက် ပြန်ပြီးအားကောင်းလာစေရန်၊ထန်းလျက်ကို အသွင်တစ်မျိုးဖြင့် မြန်မာ့လက်ဆောင်တစ်ခုအနေနှင့် နိုင်ငံခြားတိုင်းပြည်များသို့ ထိုးဖောက်နိုင်ရန်၊ထန်းပင်ကို အခြေပြုထားသည့် အခြားသောထုတ်ကုန်များကို ဈေးကွက်ထိုးဖောက်နိုင်ပြီး ထန်းတောင်သူများ၏ ဘဝကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်၍ထုတ်လုပ်ရောင်းချလျက်ရှိရာ ထန်းလျက်အမှုန့် တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ထန်းသကြားမှုန့်(၃၀၀)ဂရမ် တစ်ထုပ်လျှင်(၂၀၀၀) ကျပ်၊ ချင်းထန်းလျက်မှုန့်(၁၅)ဂရမ် အထုပ်သေး(၂၀)ထုပ်ပါ တစ်ပါကင်ကို (၃၀၀၀)ကျပ်ဖြင့် ထုပ်လုပ်ရောင်းချလျက်ရှိကြောင်း ထုတ်လုပ်သူလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)