မြင်းခြံ၌ ကုလားပဲစိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ ကွင်းဆင်းလေ့လာ

Powered by Drupal

        မြန်မာနိုင်ငံ၏အလယ်ပိုင်း အပူပိုင်းဒေသ မိုးနည်းရပ်ဝန်းတွင်ပါဝင်သော မြင်းခြံခရိုင်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကို အဓိကထား စိုက်ပျိုးလေ့ရှိကြပါသည်။ကုလားပဲစိုက်ပျိုးမှုအနေဖြင့် ဗမာကုလားပဲ(ဝါ)၊အထွက်တိုး ကုလားပဲ၊ကုလားပဲဖြူလုံးကြီးခေါ် V2၊V7၊929 စသည်ဖြင့် အမျိုးအစားများစွာ စိုက်ပျိုးကြပါသည်။ကုလားပဲသီးနှံကို စိုက်ပျိုးမှုအနေဖြင့် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ၊ဖေဖော်ဝါရီလ၊မတ်လနှင့်ဧပြီလတို့တွင် ရိတ်သိမ်းထွက်ပေါ် လေ့ရှိကြောင်း သိရှိရပါသည်။

     ကုလားပဲစိုက်ဧကများအနေဖြင့် မြင်းခြံခရိုင်တွင် ယခုနှစ်စိုက်ပျိုးထားရှိမှုဧကမှာ(၃၀၁၄၂) ဧက စိုက်ပျိုးခဲ့ပြီး၊ယခင်နှစ် ကာလတူစိုက်ဧကမှာ (၂၉၈၃၈)ဧကသာ စိုက်ပျိုးနိုင်ခဲ့သဖြင့် (၃၀၄)ဧက ခန့် ယခုနှစ်တွင် ပိုမို၍စိုက်ပျိုးလာနိုင်ကြောင်း သိရှိရပါသည်။ခရိုင်အတွင်း မြို့နယ်များအလိုက် စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင်(၁၀၈၈၃)ဧက၊ တောင်သာမြို့နယ်တွင်(၇၀၅၆)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၈၃၁၆)ဧက၊ငါန်းဇွန်မြို့နယ်တွင်(၃၈၈၇)ဧက စသည်ဖြင့် အသီးသီးစိုက်ပျိုးခဲ့ကြပြီး ယခုအချိန်တွင် နွားထိုးကြီးမြို့နယ်ရှိ စိုက်ဧကအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်းနှင့် တစ်ဧကပျမ်းမျှ အထွက် နှုန်းမှာ(၆.၅၃)တင်းဖြင့် တင်းပေါင်း(၅၄၃၀၃)တင်း ထွက်ရှိခဲ့ကြောင်းသိရပါသည်။

     အညာဒေသဖြစ်သော မြင်းခြံခရိုင်တွင် ကုလားပဲကို ဆောင်းသီးနှံအဖြစ် တစ်နှစ်လျှင်တစ်ရာသီသာ စိုက်ပျိုးကြပါသည်။ကုလားပဲ၏ အရသာမှာ ချိုစိမ့်ပြီး နှုတ်ကိုမြိန်စေလျက် ခွန်အားကို ဖြစ်စေ၍ မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးလေ့ရှိကြပြီး ထမင်းစားသုံးရာတွင် ပဲဟင်း၊ ကုလားနှပ်အဖြစ် လည်းကောင်း၊အလှူမင်္ဂလာပွဲများတွင်လည်း တွင်ကျယ်စွာ စားသုံးလေ့ရှိသော အဓိကပဲတစ်မျိုးဖြစ်ပြီး၊ ပဲခြမ်းကြော်၊ကုလားပဲလုံးကြော်၊ ကုလားပဲမှုန့်၊ ကုလားပဲချောင်းကြော်စသည့်အစားအသောက်များအဖြစ်လည်း ပြုလုပ်၍ စားသုံးလေ့ရှိကြပါသည်။

    ကုလားပဲဈေးနှုန်းများအနေဖြင့် ယခင်နှစ်ကာလတူ ကုလားပဲဖြူလုံးကြီးV2 တစ်ပိဿာလျှင် (၁၃၀၀)ကျပ်ဈေးရှိခဲ့သော်လည်း၊ယခုနှစ် ကာလတူတွင်တစ်ပိဿာလျှင်(၂၁၅၀)ကျပ်ထိ ပေါက်ဈေးရှိ၍ ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော ပဲမျိုးစုံ များအနက် ကုလားပဲမှာ လူကြိုက်များပြီး စားသုံးမှုအမြင့်ဆုံးဖြစ်ကြောင်းသိရပါသည်။

DOCA(မန္တလေး)