
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ၂၁-၆-၂၀၂၄ ရက်နေ့တွင် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လူနာစောင့်နားနေဆောင်၌ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ရှိသူများသည် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဝင်းဇော်ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၊ သမားတော်များ၊ ခွဲစိပ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်း ကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဆန်ကုန်သည်ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်းနှင့် တာဝန်ရှိသူများပူးပေါင်းကာ သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းတို့ကို ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကိုပံ့ပိုးပေးခဲ့ကြသည်။
အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်။
DOCA(မွန်)