စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်း၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းလွင်၊ တောင်ငူမြို့ အမှတ်(၁) ရဲစခန်းမှ ဒုတိယရဲအုပ်ကျော်လင်းသူ၊ ပဲခူးတိုင်းဒေသကြီးဆန်စပါးဒေသ ကော်မတီ(၂) (တောင်ငူခရိုင်) ဥက္ကဋ္ဌ ဦးကျော်စိုးမိုးတို့နှင့်အတူ ဇွန်လ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ် ဆန်စက်များရှိ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ဆန်စက်များ၌ ကြိတ်ခွဲထုတ်လုပ်ရောင်းချဖြန့်ဖြူးမှုအခြေအနေများ၊ သိုလှောင်ရုံအတွင်း၌ သိုလှောင်ထားရှိမှုနှင့် လက်ကျန်အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ စားသောက်ကုန်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားရှိကြောင်း၊ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်သောကုန်စည်များကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန်တားမြစ်ထားကြောင်း၊ ထို့ကြောင့် စားသောက်ကုန်ဖြစ်သောဆန်ကို ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် ဆန်စက်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။
ဆန်စက်ပိုင်ရှင်များအား ဆန်စပါးသိုလှောင်ရုံများကို Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo) – www.myro.com.mm တွင် မှတ်ပုံတင်ထားခြင်းမရှိသေးပါက မှတ်ပုံတင်ကြရန်ကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်း၊ တောင်ငူမြို့ပေါ်ရှိ လမင်းဆန်စက်၊ ရွှေအိုးဆန်စက်၊ အေးမေတ္တာဆန်စက်၊ ကောင်းပြည့်ဆန်စက်နှင့် မိဘမေတ္တာဆန်စက်များကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)