ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဂဏန်းတင်ပို့မှုအခြေအနေ ကွင်းဆင်းလေ့လာ

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တာဝန်ခံ ဦးကျော်သိန်းအောင်နှင့် ငါးလုပ်ငန်းဦးစီးဌာန၊  မြို့နယ်ဦးစီးမှူး  ဦးမောင်တင်တို့သည် (၈-၃-၂၀၂၂)ရက်နေ့ နံနက်(၈:၃၀) နာရီ အချိန်တွင် ပေါက်တောမြို့ အရှေ့ပိုင်းရပ်ကွက်အတွင်းရှိ  ထူးချွန်ဂဏန်းရောင်းဝယ်ရေး အဝယ်ဒိုင်သို့ သွားရောက်ကာ ပိုင်ရှင်ဦးခိုင်ကျော်လှနှင့် တွေ့ဆုံကာ ဂဏန်းတင်ပို့မှုနှင့် ပတ်သက်၍  ကွင်းဆင်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာ ထူးချွန်းဂဏန်းရောင်းဝယ်ရေးအဝယ်ဒိုင်အနေဖြင့် ပြည်ပနိုင်ငံများသို့ ဂဏန်းတင်ပို့ခြင်းကို  ၂၀၁၀-ခုနှစ် ဇန်နဝါရီလမှစ၍ ဆောင်ရွက်လျှက်ရှိပါသည်။ ရေထွက်ပစ္စည်းများထုတ်လုပ်မှုမှာ ရေချို၊ ရေငန်၊ ငါး၊ ပုဇွန်ထုတ်လုပ်မှုအပြင် သဘာဝရေအရင်းအမြစ်ထဲမှ နိုင်ငံခြားဝင်ငွေ ရှာပေးနေသည့် ဂဏန်းတင်ပို့မှုမှာလည်း အဓိကအခန်းကဏ္ဍာမှ ပါဝင်နေပေသည်။ ကမ္ဘာ့ပေါ်တွင် ဂဏန်း(၈)မျိုးရှိသည့်အနက် ကျွန်တော်တို့ ပေါက်တောမြို့နယ်မှာ တောရွှံဂဏန်းနှင့် ဒီရေတော ဂဏန်း  (၂)မျိုးသာ အထွက်များပါသည်။

          ပေါက်တောမြို့နယ် ဂဏန်းအဝယ်ဒိုင်များတွင် ဂဏန်းရောင်းချလျှင် ရှယ်နှင့်(Joy) ဆိုပြီး နှစ်မျိုးခွဲခြား ဝယ်ယူလေ့ရှိပါသည်။ ဂဏန်းဝယ်ဈေး၊ ရောင်းဈေးသည် ဝယ်လိုအားအပေါ်မူတည်ပြီး အတက်/အကျရှိပြီး၊ ယခုရက် ၁၀၀-ဂရမ် အထက်အဆင့် (1kg)လျှင် ဈေးနှုန်းကျပ် (၃၀၀၀)နှင့် ၁၀၀-ဂရမ် အောက် (1kg)လျှင် ကျပ်(၉၀၀) ပေးဝယ်ရပြီး၊ ဝယ်ယူရရှိသော ဂဏန်းများကို ဒိုင်တွင်ထားပြီး ရန်ကုန်သို့ကားဖြင့်တင်ပို့ကြပါသည်။ ဂဏန်းများကို ရေငံထဲသို့ တစ်နေ့(၂)ကြိမ်၊ (၁)ကြိမ်လျှင် (၅)မိနစ်ခန့် စိမ့်ပေးရပါသည်။ ဒေသအခေါ် တောရေကျွေးတယ်လို့ခေါ်သည်။ ဂဏန်းများကို ရေတစ်ခါကျွေးလျှင် (၆)ရက်မှ (ရ)ရက်ထိ ခံနိုင်ရည်ရှိပြီး ရန်ကုန်ဒိုင်အရောက် ၁၀၀-ဂရမ်အထက် (1kg)လျှင် ဈေးနှုန်း ကျပ်(၆၀၀၀)နှင့် ၁၀၀-ဂရမ်အောက် (1kg)လျှင် ကျပ်(၁၆၀၀)ထိ ရရှိကာ ဂဏန်းတင်ပို့လုပ်ကိုင်သူများအနေဖြင့် အဆင်ပြေတွက်ခြေကိုက်သလို ဂဏန်းရောင်းဝယ် တင်ပို့မှုလုပ်ငန်းသည် ဂဏန်းကိုသက်ရှိအတိုင်း ကိုင်တွယ်လုပ်ကိုင်ရသဖြင့် အမြတ်ကြီးသလို အရှုံးကြမ်းသည့် လုပ်ငန်းမျိုးဖြစ်သည်။

            သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်သည် ငါး၊ပုဇွန်၊ဂဏန်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ရန် ရေမြေသဘာဝကောင်းမွန်ပြီး မြေလွတ်၊ မြေရိုင်း၊ မြစ်ချောင်းများပွားများခြင်း၊ ရာသီဉတုမျှတခြင်း၊ ကုန်ကြမ်းရရှိမှု လွယ်ကူခြင်း၊ ရခိုင်ပြည်နယ်အတွက် အမယ်သစ် (Value added) ပြည်ပပို့ကုန် တိုးမြှင့်လာခြင်းများ ဖြစ်ပေါ်လာကာ နိုင်ငံအကျိုးပြု၊ ပြည်သူအကျိုးပြု ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်လာခြင်းတို့ကြောင်း ဂဏန်းတင်ပို့ ရောင်းချမှုလုပ်ငန်းအပြင် ငါး၊ ပုဇွန်သားပေါက်မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများရရှိနိုင်ပါ၍ ပြည်တွင်း/ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် စိတ်ပါဝင်စားစွာ ရခိုင်ပြည်နယ်သို့ လာရောက်ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်ဆောင်ရွက်ပါက အလုပ်အကိုင်အခွင့်အလမ်းရရှိကာ စီးပွားရေးအကျိုးကျေးဇူးများ ခံစားနိုင်မည်ဖြစ်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ရခိုင်)