ဆိပ်ဖြူမြို့နယ်၌ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေပြု၍ ဒေသစီးပွားဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးရေးအနေဖြင့် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ မိမိတို့ကိုင်း/ယာမြေများတွင် စိုက်ပျိုးလျက်ရှိပြီး စပါးစိုက်ပျိုးမှုကိုလည်း နှစ်စဉ် စိုက်ဧက(၃၅၀၀)ခန့် စိုက်ပျိုးပြီး ယခုနှစ်တွင် စိုက်ဧက(၄၀၀၀)ဝန်းကျင်ခန့် စိုက်ပျိုးလျက်ရှိသည်ပြီး တစ်နှစ်လျှင် နွေး/မိုး နှစ်ရာသီ စိုက်ပျိုးကြောင်း သိရှိရသည်။ ယခုနှစ်မိုးရာသီတွင် ဆိပ်ဖြူမြို့နယ်၊ ချင်တောင်နှင့် မြင်ကဝအုပ်စုအတွင်းရှိ အောက်ဆိပ်၊ ဆူးလေကုန်းကျေးရွာများတွင်  နှစ်စဉ် မိုးစပါး စိုက်ဧက(၅၀၀)ခန့် စိုက်ပျိုးပြီး သီးနှံပေါ်ချိန် စပါးဈေးကွက် မြင့်တက်ပြီး ရောင်းလိုအား ဝယ်လိုအားကောင်း၍ စိုက်တောင်သူများ အကျိုးအမြတ်ရှိခြင်းကြောင့် စိုက်ဧက(၆၀၀)ခန့်အထိ တိုးချဲ့ စိုက်ပျိုးထားရှိပြီး မြစ်ရေတင်ဆည်ရေဖြင့် စိုက်ပျိုးကြောင်း သိရှိရသည်။

     စိုက်ပျိုးမှုအနေဖြင့် ဧရာပဒေသာနှင့် ဆင်းသုခစပါးမျိုးကို စိုက်ပျိုးပြီး မျိုးအနေဖြင့် တောင်သူများမှ ယခင်နှစ်များတွင် မိမိစိုက်ခင်းထွက်မျိုးကို စိုက်ပျိုးခဲ့သော်လည်း အပင်သေပျောက် မှုများပြီး အထွက်နှုန်းလျော့နည်းခြင်းကြောင့် မြို့ပေါ်ရှိစိုက်ပျိုးရေးဦးစီးဌာနနှင့် နေပြည်တော်၊ ပျဉ်းမနားစိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့များကို စိုက်ပျိုးကြောင်း၊ ဧရာပဒေသာစပါးတစ်တင်းလျှင် ကျပ်(၄၅၀၀၀)၊ ဆင်းသုခစပါး တစ်တင်းလျှင် ကျပ်(၃၀၀၀၀)ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ တောင်သူတစ်ဦးချင်းအနေဖြင့် စိုက်ပျိုးရာတွင် စိုက်ပျိုးပုံချင်းမတူ၍ တစ်ဧကလျှင် မျိုးစေ့(၈)ပြည်မှ (၁၆)ပြည်အထိကုန်ကျကြောင်း၊ ပျိုးခုံဖြင့် ကျဲပက်ပျိုးပြီး ပျိုးပင်သက်တမ်း ရက်(၂၀)ခန့်အကြာတွင် စိုက်ပျိုးကြောင်း၊ ဇူလိုင်လ ဆန်းတွင် စတင်စိုက်ပျိုးပြီး စပါးသက်တမ်းမှာ (၅)လခန့်ကြာမြင့်၍ နိုဝင်ဘာလတွင် စတင်ရိတ်သိမ်းကြောင်း၊ တောင်သူများအနေဖြင့် (၁)ဧကမှ (၃)ဧကထိစိုက်ပျိုးကြပြီး စိုက်ပျိုးမှုဧကအနည်းအများလိုက်၍ အကျိုးအမြတ်ရရှိမှုမှာ မတူညီကြောင်း၊ ဒေသတွင်း ထွက်ရှိသည့် စပါးများကို မြို့ပေါ်ရှိ ဆန်စက်ပိုင်ရှင်များ၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် တညောင်ဒေသရှိ ပွဲစားများမှ လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ စပါးရိတ်သိမ်းပြီး အခင်းကျွတ်များတွင် ကုလားပဲနှင့် ပဲတီစိမ်းသီးနှံများကို သီးထပ်အဖြစ် စိုက်ပျိုးကြောင်း သိရှိရပါသည်။

   ယခင်နှစ် မိုးစပါးစိုက်ပျိုးချိန်တွင် (၁)ဧကလျှင် စပါးတင်း ပျမ်းမျှ(၈၀)ခန့် ထွက်ရှိပြီး၊ ကုန်ကျစရိတ်မှာ(၁၂)သိန်းခန့်ကုန်ကျကြောင်း၊  ဒေသတွင်း သီးနှံပေါ်စဈေးကွက်တွင် ဆင်းသုခ စပါးတစ်တင်းလျှင် ကျပ်(၂၅၀၀၀)၊ ဧရာပဒေသာစပါးတစ်တင်းလျှင် ကျပ်(၃၀၀၀၀)ဈေးဖြင့် ရောင်းချရ၍ တောင်သူတစ်ဦးလျှင် တစ်ဧကစိုက်ပျိုးမှု ကျပ်(၁၀)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်စိုက်ပျိုးရာတွင် အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုးဝယ်ယူခနှင့် စက်ကိရိယာငှါးရမ်းခ ဈေးနှုန်းကြီးမြင့်၍ တစ်ဧကလျှင် ကျပ်(၁၈)သိန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းကြောင်း၊ သီးနှံရောင်းချချိန်တွင် စပါးတစ်တင်းလျှင် ကျပ်(၃၅၀၀၀-၄၀၀၀၀)ဈေးနှုန်းဖြင့် ရောင်းချမှသာလျှင် တောင်သူအဆင် ပြေမည်ဖြစ်ကြောင်း မြင်ကဝကျေးရွာရှိ စပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

       ဆန်စပါးသည် မြန်မာလူမျိုးများအနေဖြင့် နေ့စဉ်မပါမဖြစ် သုံးစွဲလျက်ရှိသော အဓိကအခြေခံစားကုန်တစ်မျိုးဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း ပြည်တွင်းစားသုံးပြီး ပိုလျှံသည့် ဆန်များကို ပြည်ပ နိုင်ငံများသို့ ပို့ကုန်အဖြစ်တန်ချိန်အများဆုံးတင်ပို့လျှက်ရှိ၍ ပြည်ပဝင်ငွေရရှိခြင်းကြောင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည်။ စပါးစိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စိုက်တောင်သူများ စီးပွားရေးလုပ်ငန်းရှင်များမှလည်း အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိသည့်အပြင် မိမိဒေသစီးပွားဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်၏ စီးပွားရေးကိုလည်း အထောက်အကူဖြစ်စေသည့် စပါးသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားသုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)