ပြည်ပဲဈေးကွက်မှာ ပဲသစ်အားလုံး ဈေးကောင်းရလျှက်ရှိသလို အရောင်းအဝယ်လည်းသွက်နေခဲ့

Powered by Drupal

မတ်လပထမပတ်မှစ၍ ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ပဲများ ဈေးပြန်မြင့်တက် လာခဲ့သည်ကို တွေ့ရှိရပြီး  မတ်ပဲသီးနှံနှင့် ပဲစင်းငုံသီးနှံများမှာ ပဲအထွက်လှိုင်ချိန်ဖြစ်သော်လည်း ဈေးမြင့်တက်နေခဲ့သလို ပဲအဝင်လည်း ဝင်ရောက်မှုများလျှက်ရှိနေခဲ့ပါသည်။ ပဲတီစိမ်းသီးနှံသည် ပဲအဝင်ပါးသွားပြီဖြစ်၍ အဟောင်းလက်ကျန်အနည်းငယ်သာ ရောင်းဝယ်မှုဖြစ်လာပါသည်။

          ကုလားပဲနှင့် ပဲကြီးသီးနှံမှာလည်း ပဲအထွက်လှိုင်နေပြီး ဝင်ရောက်မှုများခဲ့ကာ ဝယ်လိုအား ကောင်းခဲ့ပြီး စားတော်ပဲအသစ်ကတော့ ပဲအဝင်များသလို ဈေးလည်းအမြင့်ဆုံး ရနေသည်ကို တွေ့ရှိရပါသည်။

          မတ်ပဲသီးနှံအနေဖြင့် ဇန်နဝါရီလဆန်းမှစ၍ ပဲသစ်များ ဈေးကွက်သို့ဝင်ရောက်လာခဲ့ပြီး ပိဿာ၂၀ တစ်တင်းလျှင် ၄၅၀၀၀ကျပ်ဖြင့် ဈေးဖွင့်ရောင်းဝယ်ကြရာမှ ဖေဖော်ဝါရီလလယ်မှစ၍ ဈေးပြန်လျော့ခဲ့ကာ တစ်တင်းလျှင် ကျပ် ၄သောင်း အောက်လျော့နည်းခဲ့ကြောင်း၊ လကုန်ပတ်မှစ၍ ဈေးပြန်မြင့်တက်လာခဲ့သောကြောင့် ယခုတစ်ပတ်တွင် တစ်တင်း ၄၆၀၀၀ကျပ်ကျော်အထိ ရောင်းဝယ်နေခဲ့ကြကာ ပြည်ဈေးကွက်သို့နယ်စုံမှ ဝင်ရောက်ခဲ့ကြပြီး တစ်ရက်အိတ် ၄၀၀ကျော် ၅၀၀ ဝင်ရောက်ခဲ့ကြောင်း၊ လှောင်သမားများ၊ ရန်ကုန်လိုင်းသမားများပါ အဝယ်ရှိ၍ အဝင်ရှိသလောက် အရောင်းအဝယ်သွက်နေခဲ့ကြောင်း၊ ပဲစိုက်တောင်သူများအနေဖြင့်လည်း ထွက်ပေါ်လာသမျှ ပေါက်ဈေးဖြင့် ရောင်းချနေသူများရှိကြသလို အချို့တောင်သူများကလည်း ဈေးကောင်းမျှော်ကာ လှောင်ပဲအဖြစ်ထားရှိနေကြကြောင်း၊ ယခင်နှစ်ကဆိုလျှင် မတ်ပဲသီးနှံအထွက်လှိုင်ချိန် တစ်တင်း ၂၇၀၀၀ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ကြပြီး ပဲဈေးအေးခဲ့ပေမယ့် ဇွန်လဆန်းမှစ၍ ပဲဈေးနှုန်းများ မြင့်တက်လာတာကြောင့် တစ်တင်း ၃၆၀၀၀ကျပ်ထိ ဈေးရရှိခဲ့ကာ နှစ်ကုန်ပိုင်းတွင် ကျပ်၅သောင်း နီးပါးအထိ ဈေးတရိပ်ရိပ်တက်လာခဲ့ကြောင်း၊ယခုနှစ်ပဲအထွက်လှိုင်ချိန် ဈေးကောင်းရရှိခဲ့၍ ယခင်နှစ်ကကဲ့သို့ ပဲအဝင်ပါးသွားချိန် ဈေးကောင်းရလာမည်ဟု မျှော်လင့်ပြီး လှောင်လက်သမားများကလည်း ဝယ်ယူသိုလှောင်နေခဲ့ကြကြောင်း သိရှိရပါသည်။

          ပဲတီစိမ်းသီးနှံမှာ မတ်ပဲသီးနှံကဲ့သို့ တစ်နှစ်ပတ်လုံးအရောင်းအဝယ်ဖြစ်သည့် ပဲသီးနှံမျိုး မဟုတ်ဘဲ ပဲအထွက်လှိုင်ချိန်ထိသာ အရောင်းအဝယ်ဖြစ်ပြီး ကျန်ကာလများ အရောင်းအဝယ်ပါးခဲ့ပါသည်။ မိုးပဲတီစိမ်းသီးနှံသည်လည်း ပဲအထွက်လှိုင်ချိန် ဇူလိုင်/ဩဂုတ်လများတွင်သာ အရောင်းအဝယ်ဖြစ်ပြီး ဆောင်းပဲတီစိမ်းသီးနှံမှာ နိုဝင်ဘာ/ ဒီဇင်ဘာ/ ဇန်နဝါရီလများတွင်သာ ပဲအဝင်လှိုင်သလို အရောင်းအဝယ်လည်းသွက်ခဲ့ပြီး ယခုကာလတွင် ပဲဝင်ရောက်မှု မရှိသလောက်ဖြစ်ခဲ့ပြီး ပဲအဟောင်းများသာ လှောင်ပဲသမားအချို့ ရောင်းချမှုရှိ၍ အနည်းငယ် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံမှာ နှစ်စဉ်လိုလိုဈေးကောင်းရခဲ့ပြီး ယခုနှစ်တွင်လည်း ပိဿာ ၂၀ တစ်တင်းကျပ် ၄သောင်းအထက်ရောင်းဝယ်ခဲ့ကြပြီး ပဲတီစိမ်းသီးနှံမှာ မန္တလေးဝယ်လက်သမား အဓိကဝယ်ယူမှုရှိခဲ့ပါသည်။

          ပဲစင်းငုံသီးနှံကတော့ ပဲအဝင်များ၍ တစ်ရက်လျှင် အိတ် ၂၀၀ကျော် ဝင်ရောက်သလို လှောင်သမားရော ဝယ်လက်သမားပါ အဝယ်လိုက်လျှက်ရှိခဲ့ပြီး ပဲဈေးမှာ တစ်တင်းလျှင် ၄၂၅၀၀ကျပ်ဖြင့် ယခုနှစ် ပြည်ပဝယ်လက်ပဲထဲတွင် ဈေးကောင်းရခဲ့သော  သီးနှံဖြစ်ခဲ့ပါသည် ။ ယခင်နှစ်များက ပဲစင်းငုံသီးနှံသည် ဈေးအေးသော သီးနှံထဲတွင်ပါဝင်နေပြီး လှောင်ပဲသမားရော စိုက်ပျိုးထုတ်လုပ်သူ တောင်သူများပါ တွက်ခြေမကိုက်ခဲ့ဘဲ ယခုနှစ်တွင် ဈေးကောင်းရနေသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူတွေ အကျိုးအမြတ်ပိုရနိုင်သောနှစ် ဖြစ်ခဲ့ပါသည်။

       ပဲကြီးသီးနှံမှာ ယခုကာလအတွင်း ဈေးကွက်တွင်  ပဲဝင်ရောက်မှု အများအပြား ရှိလာသောကြောင့် တစ်ရက်အိတ် ၈၀၀ကျော်ထိ ပြည်မြို့အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမဘက်မှ နေ့စဉ် ဝင်ရောက်လျှက်ရှိနေခဲ့ပါသည်။ ပဲကြော်ဖိုသမား နေ့စဉ်အဝယ်ရှိသလို ရန်ကုန်ဝယ်လက်သမားများလည်း ဝယ်ယူနေခဲ့ကြပြီး ပဲဈေးမှာ (ရွှေကျွန်း)တစ်တင်း ၆၆၀၀၀ကျပ်၊ (ကမ်းနား)တစ်တင်း ၆၄၀၀၀ကျပ် တို့ဖြင့် ယခင်လက ဈေးထက် ဈေးပြန်မြင့်တက်လာခဲ့ပါသည်။ ယခင်လအတွင်း ပဲကြီးသီးနှံမှာ ကျပ် ၈သောင်းကျော်မှ ၅သောင်းကျော်ထိ ဈေးသိသိသာသာ လျော့နည်းသွားခဲ့ ပြီး ယခုတစ်ပတ်တွင်  ပဲအထွက်လှိုင်လာသလို ဈေးနှုန်းများပါ မြင့်တက်လာသဖြင့်  ယခင်နှစ် ပဲကြီး သီးနှံပေါက်ဈေးထက် တစ်တင်းကျပ် ၃သောင်းကျော်ထိ မြင့်တက်ခဲ့ပါသည်။ ယခင်နှစ် ယခုလို ကာလအတွင်း တစ်တင်းကျပ် ၃သောင်းပတ်ဝန်းကျင်သာ ရောင်းဝယ်ခဲ့ရသော သီးနှံဖြစ်ပါသည်။

         စားတော်ပဲသီးနှံမှာ ပဲဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရနေသော  ပဲဟုဆိုရမည်ဖြစ်ပြီး တစ်တင်း ၉၀၀၀၀ကျပ်ထိ ရရှိခဲ့ပါသည်။ ပဲသစ်များအဝင်များ၍ အိတ် ၅၀ကျော်ဝင်ရောက်ခဲ့သလို လက်လီသမားရော လက်ကားသမားပါ အဝယ်ရှိခဲ့၍ တစ်ရက်အိတ် ၄၀/၅၀ကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)