မြန်မာနိုင်ငံ၏ ဆန်အိုးကြီးမှသည် ဆီလိုအပ်ချက်ဖြည့်ဆည်းပေးမည့် တိုင်းဒေသကြီးတစ်ခုဆီသို့

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် ဆန်စပါးအများဆုံးစိုက်ပျိုးရာ တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆန်အိုးကြီးအဖြစ် သတ်မှတ်ခြင်းခံရကာ တစ်နိုင်ငံလုံး စားသုံးရန်အတွက် ဆန်စပါးစိုက်ပျိုးထုတ်လုပ်ပေးနေသော တိုင်းဒေသကြီး ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါး(၃၇)သိန်းကျော်၊ တစ်ဧကပျမ်းမျှ အထွက်တင်း (၆၇)တင်းခန့်နှင့် နွေးစပါးစိုက်ဧက(၁၃)သိန်းကျော်၊ တစ်ဧကပျမ်းမျှ အထွက်တင်း (၉၆)တင်း ခန့်ထွက်ရှိကာ စုစုပေါင်း မိုး/နွေစပါးတင်းပေါင်း သိန်းပေါင်း (၄၀၀၀) ကျော်ခန့် ထွက်ရှိပါသည်။ ထို့အပြင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ ဆူးနှမ်း စိုက်ဧကစုစုပေါင်း (၉၉၆၁၂)ဧက စိုက်ပျိုးပြီး အထွက်တင်း(၂၄၈၁၉၃၅)တင်း ထွက်ရှိကာ ဆီပိဿာ (၁၂၇) သိန်း ခန့်ရရှိပြီး ဆီဖူလုံမှုမှာ(၂၉.၇၅)ရာခိုင်နှုန်းဖြစ်သည့်အတွက် ဆီလိုအပ်မှုများ ရှိနေသော တိုင်းဒေသကြီး ဖြစ်ပါသည်။

           ယခုအခါ နိုင်ငံတော်အကြီးအကဲမှ စားသုံးဆီအား ပြည်တွင်း လိုအပ်ချက်အရ ပြည့်ပက တင်သွင်းမှုအပေါ် မှီခိုနေရချိန် စားသုံးဆီကို ပြည်တွင်းဖူလုံသော နိုင်ငံအဖြစ် ရပ်တည် နိုင်ရေးအတွက် အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားရန်အတွက်လည်းကောင်း၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း စားအုန်းဆီအမယ်တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာသန်း(၈၃၀)နီးပါး သုံးစွဲခဲ့ရခြင်းအား သက်သာစေရန်အတွက်လည်းကောင်း မိမိတို့နိုင်ငံအတွင်း ဆီဖူလုံရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

        ထို့အတွက်ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဦးစီး ဌာနက ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ရှိသော စပါးတင်းသိန်း(၄၀၀၀)ကျော်မှ ထွက်ရှိမည့် ဖွဲနုတန်ပေါင်း(၇၂၃၂၁၄)တန်အား ဖွဲနုဆီစက်များတည်ဆောက်လည်ပတ်ခြင်းဖြင့် နိုင်ငံတော်၏ ဆီလိုအပ်ချက် တစ်စိတ်တစ်ဒေသ ပြည့်မီအောင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဖွဲနုတန်(၁၀၀) ကြိတ်ခွဲပါက ဖွဲဖတ်(၈၄)တန်၊ ဆီကြမ်း(၁၀)တန် ပြန်လည်ရရှိပြီး (၆)ရာခိုင် နှုန်းမှာ ထုတ်လုပ်မှု လျော့နည်းပျောက်ဆုံးသွားမည်ဖြစ်ပါသည်။ ဆီကြမ်း(၁၀) တန်အား အဆင့်ဆင့် ပြန်လည် သန့်စင်ပါက ဆီချောပိဿာ(၃)တန်မှ (၃.၅)တန်ထွက်ရှိပြီး ဘေးထွက်ပစ္စည်းများမှာ ဖယောင်း ကြမ်း(၅.၈)ရာခိုင်နှုန်း၊ ဆပ်ပြာကြမ်း(၅၀-၈၀)ရာခိုင်နှုန်း၊ အရောင်ချွတ်ဖတ်(၃) ရာခိုင်နှုန်းနှင့် ဖယောင်းချော(၁)ရာခိုင်နှုန်းတို့ကို ရရှိပြီး အဆိုပါပစ္စည်းများမှာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ပြန်လည်အသုံးပြုကြောင်း သိရှိရပါသည်။ ထို့ကြောင့် ဖွဲနု(၁)တန်ကိုကြိတ်ခွဲပါက  ဖွဲနုဆီ(၀.၀၃-၀.၀၃၅)တန်(၁၈ ပိဿာမှ ၂၁ပိဿာ အထိ) ရရှိကြောင်း လေ့လာသိရှိရပါသည်။

           ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ထွက်ရှိသော ဖွဲနုတန်ပျမ်းမျှ (၇၂၃၂၁၄)တန်အား ကြိတ်ခွဲပါက ဆီပိဿာပေါင်း(၉၄)သိန်းခန့် ရရှိနိုင်မည်ဖြစ်ပါသဖြင့် ဧရာဝတီတိုင်းဒေသကြီး၏ ဆီလိုအပ်ချက်(၂၄.၃၇)ရာခိုင်နှုန်းခန့် ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါသည်။

          ၎င်းအပြင် ဖွဲနုဆီသည် ဆီအရည်အပိုင်းများသော စားသုံးဆီဖြစ်ခြင်း၊ ဖွဲနုဆီတွင်မပြည့်ဝအဆီ အက်ဆစ်များအချိုးညီ ပေါင်းစပ်ပါဝင်ပြီး ပြည့်ဝအဆီအက်ဆစ်ပါဝင်မှု ရာခိုင်နှုူန်း အလွန်နည်းခြင်းတို့ကြောင့် မကောင်းသော ကိုလတ်စထရော မြင့်တက်မှုကို ကာကွယ်ပေးနိုင်ရေး၊ နှလုံးကျန်းမာရေးကို အလွန်အထောက်အကူပြုနိုင်သည်ဟု ပညာရှင်များက ထောက်ခံထားကြပါသည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သောကြောင့် ဆီစားတည်မြဲမှု ကြာရှည်စေပြီး အထားခံခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို တားဆီးပေးခြင်း၊ အိုမီဂါ-၃ ပါဝင်မှုကြောင့် ကိုယ်ခံစားမြင့်တင်စေခြင်းစသည့် ကျန်းမာရေးဆိုင်ရာအကျိုးပြု စားသုံးဆီလည်း ဖြစ်ပါသည်။

          သို့အတွက် ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးကြိတ်ခွဲရာမှ ထွက်ရှိသော ဘေးထွက်ပစ္စည်းဖွဲနုအား ဖွဲနုဆီကြိတ်ခွဲထုတ်လုပ်ခြင်းအားဖြင့် ဒေသတွင်း၊ နိုင်ငံအတွင်း လိုအပ်သော ဆီဖူလုံမှု လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ပြီး နိုင်ငံခြားဝင်ငွေ သုံးစွဲမှုလျော့နည်းကာ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေမည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင် ဖွဲနုဆီစက်များ တည်ဆောက်ခြင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးခြင်းဖြင့်  မြန်မာနိုင်ငံ၏ ဆန်အိုးကြီးမှတစ်ဆင့် ဆီလိုအပ်ချက် ဖူလုံလာစေသည့် တိုင်းဒေသကြီးတစ်ခုအဖြစ် နိုင်ငံ့အတွက် အားထားရသောတိုင်းဒေသကြီးတစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

DOCA(ဧရာဝတီ)