
ကျောက်ဆည်ခရိုင်၌ မိုးစပါးများစတင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧကအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် (၁၆၀၃၅) ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၉၅၆၉) ဧက၊ မြစ်သားမြို့နယ်တွင် (၁၃၄၁၉) ဧက၊ စုစုပေါင်း (၃၉၀၂၃) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ခရိုင်ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနတို့၏ စာရင်းများအရသိရှိရပါသည်။ မိုးစပါးကို ပျိုးထောင်စနစ်၊ ပက်ကြဲစနစ်များဖြင့် စိုက်ပျိုးထားကြပြီး အများဆုံးစိုက်ပျိုးသောမျိုးများမှာ ဧရာပဒေသာမျိုးနှင့် မနောသုခမျိုးများဖြစ်ကြောင်း၊ စိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် လုပ်သားခ၊ သွင်းအားစုအပါအဝင် စုစုပေါင်း (၇၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် နွေစပါးထက် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းမှာလည်း မိုးစပါးထက် နွေစပါးမှာ အထွက်နှုန်းပိုကြောင်း၊ စပါးဈေးနှုန်းအနေဖြင့် ယခင်နှစ် မနောသုခစပါးတစ်တင်းလျှင် ( ၁၇၅၀၀ ) ကျပ်၊ ဧရာပဒေသာစပါးတစ်တင်းလျှင် ( ၁၉၀၀၀ ) ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး၊ ယခုနှစ် မနောသုခ စပါးတစ်တင်းလျှင် (၂၃၀၀၀) ကျပ်၊ ဧရာပဒေသာစပါးတစ်တင်းလျှင် (၂၉၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ မိုးရွာသွန်းမှုကောင်းသောကြောင့် မိုးစပါးများစိုက်ပျိုးမှုတွင် အထောက်အကူဖြစ်ကြောင်း၊ စပါးများအထွက်နှုန်းကောင်းမွန်ပြီး ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း မိုးစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)