“နှံစားပြောင်းသီးနှံများ စိုက်ပျိုးပြီးစီး”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရာသီအလိုက် သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ စီးပွားဖြစ်ဝင်ငွေတိုးသည့်အပြင် ကျွဲ၊နွားစာများပါဖူလုံသော နှံစားပြောင်းသီးနှံကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ခရိုင်အတွင်း နှံစား‌ပြောင်းစိုက်ဧက (၁၉၉၉) ဧကစိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၁၇၁၈) ဧက၊ မြစ်သားမြို့နယ်တွင် (၂၈၁) ဧကစိုက်ပျိုးပြီးစီးကြောင်း၊ ခရိုင်ကြေးတိုင်းနှင့် မြေစာရင်းဦးစီးဌာနတို့၏ စာရင်းများအရသိရှိရပါသည်။ အများဆုံးစိုက်ပျိုးသောရွာများမှာ ကျောက်ဆည်မြို့နယ်တွင် နောင်ခမ်း၊ ကင်း၊ တောင်တော်ရွာများဖြစ်ပြီး မြစ်သားမြို့နယ်တွင် ကျားတွင်း၊ ရစ်ကန်၊ ရိုးကန်ရွာများမှ အများဆုံးစိုက်ပျိုးကြကြောင်း၊ ဇူလိုင်လ၊ ဒုတိယအပတ်တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလဆန်းတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ ထွက်တိုးနီနှင့် ထွက်တိုးဖြူများဖြစ်ပြီး စိုက်ပျိုးမှုတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၂၅၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကတွင် မျိုးအသုံးပြုမှုအနေဖြင့် (၄) ပြည်ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် (၃၅-၄၀) တင်းထွက်ရှိကြောင်း၊ စိုက်ပျိုးပြီး (၄) လကျော်လျှင် နှံစားပြောင်းများထွက်ရှိပြီးဖြစ်ကြောင်း၊ ယခင်နှစ် နှံစားပြောင်းဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၃၃၀၀၀) ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး၊ ယခုနှစ် နှံစားပြောင်းတစ်တင်းလျှင် (၃၅၀၀၀) ကျပ်ဖြင့်အရောင်းဝယ်ဖြစ်လျက်ရှိကြောင်း၊ မြို့ပေါ် ပွဲရုံများ၏ ပြောကြားချက်အရသိရှိရပါသည်။ နှံစားပြောင်းစိုက်ပျိုးမှုအများဆုံးဖြစ်သော‌ တောင်သူတစ်ဦးအနေဖြင့် ယခုနှစ်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်များပိုမိုဖြစ်ထွန်းမည်ဖြစ်ကြောင်း ၎င်း၏ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)