မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (One Region One Product) အစီအစဉ်ဖြင့် "စွမ်းအင်ခြိုးခြံချွေတာခြင်းနှင့် စွမ်းအင်စီမံခန့်ခွဲမှုစနစ်ဆိုင်ရာဆွေးနွေးပွဲ" ကျင်းပ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် "စွမ်းအင်ခြိုးခြံချွေတာခြင်းနှင့် စွမ်းအင်စီမံခန့်ခွဲမှုစနစ်ဆိုင်ရာဆွေးနွေးပွဲ" ကို (၃၀-၇-၂၀၂၄) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားပြီးနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံ့စီးပွားရေး၏ အဓိကကျောရိုးဖြစ်သည့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product) အစီအစဉ်ဖြင့် စိုက်ပျိုးရေးကဏ္ဍ၊ MSMEs ကဏ္ဍတို့မှ အလားအလာရှိသော ထုတ်ကုန်များကိုရွေးချယ်ပြီး လိုအပ်သည်များပံ့ပိုးပေးခြင်း၊ ချေးငွေများ ထုတ်ချေးပေးခြင်း၊ အသိပညာပေးဆွေးနွေးပွဲများကျင်းပခြင်း စသည်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင်သည် အဓိကအရေးပါသော သွင်းအားစုတစ်မျိုးဖြစ်ပြီး စွမ်းအင်လုံလောက်စွာရရှိရန်နှင့် ရရှိသည့်စွမ်းအင်ကို ထိထိရောက်ရောက် အကျိုးရှိစွာသုံးစွဲရန်လိုအပ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများအနေဖြင့် စွမ်းအင်ကို အကျိုးရှိရှိ ထိရောက်စွာသုံးစွဲခြင်းဆိုင်ရာ အသိပညာများတိုးပွားလာပြီး ထိုမှတစ်ဆင့် အကျိုးအမြတ်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့ဆွေးနွေးပွဲကို ပြင်ပမှပညာရှင်များအားဖိတ်ကြားပြီး ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ (Energy Saving Technology) ကို အသုံးပြုခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတစ်ခုချင်းစီအတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေသောကြောင့် ဆွေးနွေးပွဲတက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများအနေဖြင့် ပညာရှင်များ၏ဆွေးနွေးချက်များကို တက်ကြွစွာပါဝင်ပြီး သိလိုသည့်အချက်များကိုမေးမြန်းဆွေးနွေးကြရန်  ပြောကြားခဲ့ကြောင်းသိရပါသည်။

    ဆက်လက်၍ Agilent Biz Engineering Co.,Ltd မှ ဦးမျိုးခန့်က စွမ်းအင်အသုံးချခြင်းဆိုင်ရာနည်းပညာများနှင့် စွမ်းအင်စီမံခန့်ခွဲမှုဆိုင်ရာစနစ်များနှင့်ပတ်သက်၍ အသိပညာမျှဝေခြင်းအား လည်းကောင်း၊ Astro Automation Co.,Ltd မှ ဦးသူရိန်အောင်က Power & Process Automation Systems ဆိုင်ရာနည်းပညာများအား အသိပညာပေးခြင်းအားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည့်အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။

         စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးဇော်ထွန်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်စုစုပေါင်း(၇၃)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)