မကွေးမြို့သို့ ရာသီပေါ် နဂါးမောက်သီးနှင့် မာလကာသီးများလှိုင်လှိုင်ဝင်ရောက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့သို့ ကျောက်ပန်းတောင်းဒေသထွက် ရာသီပေါ် နဂါးမောက်သီးနှင့် မာလကာသီးများ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

       မကွေးမြို့ပေါ်ရှိ သစ်သီးဆိုင်များသို့ နဂါးမောက်သီး(ဖြူ၊ နီ) တစ်ကီလိုလျှင် ကျပ်(၁၈၀၀)ဖြင့်မှာယူ၍ တစ်ရက်လျှင် ကီလို(၁၅၀)ခန့်ဝင်ရောက်လျက်ရှိပြီး လက်လီဈေးနှုန်းတစ်ကီလိုလျှင် ကျပ် (၂၆၀၀)ဖြင့်ပြန်လည်ရောင်းချကြောင်း၊ လုံးကောက်အနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၁၀၀၀-၁၅၀၀)ဖြင့်ရောင်းချကြောင်း၊ မာလကာသီးတစ်ပိဿာလျှင် ကျပ် (၁၈၀၀)ဖြင့်မှာယူ၍ တစ်ရက်လျှင် ပိဿာချိန် (၆၀၀)ခန့်ဝင်ရောက်လျက်ရှိပြီး တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့်ပြန်လည်ရောင်းချကြောင်း၊ လုံးကောက်အနေဖြင့် အလုံး အကြီး၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် ကျပ် (၄၀၀-၅၀၀-၈၀၀)ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကျောက်ပန်းတောင်းမြို့မှ မကွေးမြို့သို့ သယ်ယူခနှုန်းထားအနေဖြင့် ကီလို(၄၀)ပါ နဂါးမောက်သီးခြင်းတစ်ခြင်းလျှင် ကျပ်(၃၀၀၀)ဖြင့်လည်းကောင်း၊ ပိဿာ(၃၀)ပါ မာလကာသီးတစ်အိတ်လျှင် တန်ဆာခ ကျပ် (၃၀၀၀)ပေးရကြောင်းသိရသည်။

        မာလကာသီးမှာ တစ်နှစ်ပတ်လုံးထွက်ရှိပြီး ယခင်လများတွင် တစ်လုံးလျှင် ကျပ် (၈၀၀-၁၀၀၀-၁၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇူလိုင်လတွင် မာလကာသီးလှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း မကွေးမြို့ပေါ်ရှိ "သိန်းသန်းကျော်"သစ်သီးမျိုးစုံအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(မကွေး)