အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်ဈေးနှုန်းဆက်လက်ကျဆင်း၍ ကွမ်းသီးဈေးနှုန်းမြင့်တက်

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှ တိုက်ရိုက်တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတစ်ဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်းသိရသည်။

         မင်းလှမြို့နယ်တွင် ကွမ်းသီး၊ ကွမ်းရွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင် (၁၀)ဆိုင်ခန့်ရှိပြီး ကွမ်းစိမ်းနှင့်ကွမ်းရွက်ဝါ(၂)မျိုးရှိသည့်အနက် ကွမ်းရွက်ဝါကို ပိုအစားများကြကြောင်း သိရှိရပါသည်။ ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(စတုတ္တပတ်)တွင် ကွမ်းရွက်ဝါ(၁) ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့် နေရာဒေသအလိုက် ကျပ်(၄၀၀၀-၆၀၀၀-၉၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ် (၈၀၀၀)၊ ကွမ်းစားထုံး(၁) လီတာ(၁)ဘူးလျှင် ကျပ် (၉၀၀-၁၀၀၀)၊ ကွမ်းစားနှပ်ဆေး (၁)ထုပ်လျှင် ကျပ်(၅၀၀-၆၀၀)၊ ဗမာဆေး(၁)ထုပ်လျှင် ကျပ်(၄၀၀-၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

       အရောင်းအဝယ်အနေဖြင့် (၁)ရက်လျှင်ကွမ်းရွက်ပိဿာချိန် (၁၀)ပိဿာနှင့်အထက်ရောင်းချရပြီး ကွမ်းသီး၊ ကွမ်းစိပ်မှာ (၅)ပိဿာမှ (၆)ပိဿာထိပုံမှန်ရောင်းချရကြောင်း၊ ကွမ်းရွက်ဈေးနှုန်းမှာ ကွမ်းရွက်ထွက်ရှိရာဒေသများတွင် ကွမ်းရွက်များလှိုင်လှိုင်ထွက်ပေါ်နေလျက်ရှိသောကြောင့် ကွမ်းရွက်ဈေးနှုန်းမှာ ဇူလိုင်လ (ပထမပတ်)ထက် ယခု(စတုတ္တပတ်)တွင် ကျပ်(၁၀၀၀) ဈေးဆက်လက်ကျဆင်းပြီး ကွမ်းသီးဈေးမှာ ထားဝယ်မြို့မှ သယ်ယူရသဖြင့် လမ်းခရီးအခက်အခဲများကြောင့် ကျပ်(၂၀၀၀)ဈေးမြင့်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အထက်မင်းလှ-သရက်ကားလမ်းဘေးရှိ ကွမ်းသီး၊ ကွမ်းရွက်ရောင်းချသည့် ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)