မင်းလှမြို့နယ်၏ ဝါသီးနှံ ဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ယခု၂၀၂၄ခုနှစ်တွင် ဝါသီးနှံစိုက်ဧက (၃၅၀၆၆)ကျော်လျာထားပြီး ဇူလိုင်လတွင် စိုက်ဧက(၅၀၀၀)ခန့် စိုက်ပျိုးထားပြီးဖြစ်ကြောင်း မင်းလှမြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရသည်။

    မင်းလှမြို့နယ်တွင် ဝါသီးနှံစိုက်ပျိုးရာတွင် ရာကာ(၆၆၆)စပ်မျိုးကို အဓိကထားစိုက်ပျိုးလျက် ရှိပြီး ရွှေတောင်-၈၊ ရွှေတောင်-၁၀ နှင့် ငွေချည်-၁၁ မျိုးများလည်း စိုက်ပျိုးကြကြောင်း၊ ဝါမျိုးစေ့များကို မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးစေ့တစ်ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင်  အတန်းလိုက် နှစ်ပေခွဲခြားကာ တန်းဖြူး၍စိုက်ပျိုးပြီး တစ်ဧကလျှင် မျိုးစေ့ (၃)ပိဿာ ကုန်ကျကြောင်း၊ တစ်ဧကစိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ကျပ်(၃၀၀၀၀၀)ကျော် ကုန်ကျကြောင်း သိရသည်။

   မင်းလှမြို့နယ်အတွင်းမှ ထွက်ရှိသည့် ဝါများကို မင်းလှမြို့ပေါ်ရှိပွဲရုံများမှတဆင့် မန္တလေးမြို့ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံနှင့် ပုဂ္ဂလိကချည်မျှင်နှင့် အထည်စက်ရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်ဩဂုတ်လ(ပထမပတ်)တွင် ဈေးနှုန်းမှာ ဝါတစ်ပိဿာလျှင် ကျပ်(၃၃၀၀)၊ ဝါဂွမ်းတစ်ပိဿာလျှင် ကျပ်(၇၅၀၀-၈၀၀၀) ဖြစ်ပြီး ယခင်နှစ် ဩဂုတ်လ(ပထမပတ်)တွင် ဝါတစ်ပိဿာလျှင် ကျပ်(၃၈၀၀)၊ ဝါဂွမ်းတစ်ပိဿာလျှင် (၈၅၀၀-၉၅၀၀) ဖြင့် ရောင်းချခဲ့ရ၍ နှစ်(၂)နှစ်ကို ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ်ကထက် ဝါတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ဝါဂွမ်းတစ်ပိဿာလျှင် ကျပ်(၁၀၀၀-၁၅၀၀)ဈေးကျခဲ့ကြောင်း၊ တောင်သူများအနေဖြင့် ရာသီဥတု မမှန်ခြင်းနှင့် ဝါဈေးနှုန်းကျဆင်းခြင်းကြောင့် ယခုနှစ်တွင် ဝါစိုက်ဧကမှာ ယခင်နှစ်ကထက် လျော့နည်းစိုက်ပျိုးလာကြောင်း မင်းလှမြို့နယ် ဝါလုပ်ငန်းရှင်ထံမှ သိရသည်။  

DOCA(မကွေး)