![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/198_2.jpg?itok=88izJgeC)
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ရွာတန်းရှည်ကျေးရွာရှိ ဒေါ်ဝင်းဌေး၏ တံမြက်စည်းလုပ်ငန်းမှာ အောင်မြင်နေသော အသေးစားလုပ်ငန်းတစ်ခုဖြစ်ပါသည်။ ကိုင်းတံမြက်စည်းပင်ကို ဝါးလက် ကိုင်ရိုးတပ်၍ ပြုလုပ်ရောင်းချခြင်းဖြစ်ပါသည်။ ကိုင်းတံမြက်စည်းများသည် ပဲခူးရိုးမတောင်တန်း၊ တောင်စောင်းများတွင် ပေါက်ရောက်သည်။
ကိုင်းတံမြက်စည်းပင်ကို ဇန်နဝါရီလမှ မတ်လအတွင်း ဝယ်ယူစုဆောင်းထားရပါသည်။ မတ်လနောက်ပိုင်းတွင် အပွင့်များပွင့်၍ တံမြက်စည်းပြုလုပ်ရန် မကောင်းတော့သဖြင့် တစ်နှစ်စာအတွက် ဝယ်ယူစုဆောင်းထားခြင်းဖြစ်ပါသည်။ ကိုင်းတံမြက်စည်းတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဈေးဖြင့်ဝယ်ယူရပါသည်။ အရင်းအနှီးစိုက်ထုတ်ဝယ်ယူထားပြီး ခြောက်သွေ့စေရန် နေပူ လှန်း၍ သိုလှောင်ထားပါက လုပ်ငန်းမပျက်လုပ်ကိုင်ရောင်းချမှုအဆင်ပြေပါသည်။
တံမြက်စည်းတစ်ချောင်းဖြစ်ရန်အတွက် အလုပ်သမား (၅)ဦးဖြင့် အဆင့်ဆင့်ပြုလုပ်ရပါသည်။ တစ်ရက်လျှင် တံမြက်စည်းအချောင်း ၁၀၀ထုတ်လုပ်နိုင်ကြောင်းသိရပါသည်။ သြဂုတ်လ၊ ဒုတိယအပတ်တွင် ဖောက်သည်ဈေးအနေဖြင့် တံမြက်စည်း ၁၀ချောင်းပါတစ်စည်းလျှင် ၁၃၀၀၀ကျပ်ဖြင့် ဖြူးမြို့နယ်အတွင်းရှိဈေးများသို့ ဖြန့်ဖြူးရောင်းချသည့်အပြင် ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့များသို့လည်း တင်ပို့ရောင်းချကြောင်းသိရပါသည်။
DOCA(ပဲခူး)