မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်သို့ ရှမ်းပြည်နယ်အောင်ပန်းနှင့် ပုပ္ပါး၊ ကျောက်ပန်းတောင်းဒေသထွက်ခရမ်းချဉ်သီးများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ်ခရမ်းချဉ်သီးမျိုးများ အများဆုံးဝင်ရောက်ကြောင်း သိရှိရသည်။ ဗမာခရမ်းချဉ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း၌ ဝယ်ယူစားသုံးမှုနည်းခြင်းကြောင့် တောင်သူစိုက်ပျိုးမှုနည်း၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းကြောင်း၊ ထိုင်ဝမ်းခရမ်းချဉ်သီးမျိုးမှာ အခွံထူပြီး အထားခံပြီး အလုံးလှသည့်အပြင် အချဉ်ဓါတ်ပါဝင်မှုနည်းခြင်းကြောင့် ဝယ်ယူစားသုံးမှုများကြောင်း သိရှိရသည်။
ခရမ်းချဉ်သီးဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လ(ပထမပတ်)မှစ၍ ထိုင်ဝမ်ခရမ်းချဉ်သီး တစ်ပိဿာလျှင် လက်ကားဈေး ကျပ်(၅၀၀၀-၄၅၀၀)၊ လက်လီဈေး ကျပ်(၆၀၀၀-၅၀၀၀) အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းနွေခရမ်းချဉ် စိုက်ပျိုးမှုနည်းပြီး ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သယ်ယူစရိတ်ကြီးမြင့်၍ ဈေးတက်ကြောင်း၊ ဇူလိုင်လ(ပထမပတ်)တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၃၀၀၀-၂၅၀၀) ဈေးဖြင့်ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီးများအပြင် ကျောက်ပန်းတောင်း၊ ပုပ္ပားဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိ၍ ဈေးကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ပုပ္ပားဒေသထွက် ခရမ်းချဉ်သီးများမှာ အလုံးလှပြီး အရည်အသွေးကောင်းမွန်၍ ရှမ်းပြည်ဒေသထွက် ခရမ်းချဉ်သီးထက်ဈေးပိုမို ကောင်းမွန်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းသီးနှံရောင်းဝယ်ရေးဈေးကွက်မှ သိရှိရ ပါသည်။
DOCA(မကွေး)