နွေရာသီကာလ၌ အေးခဲအသားရောင်းချမှုကွင်းဆင်းစစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးဌာနအနေဖြင့် ပြည်ပနိုင်ငံထုတ် စားသောက်ကုန်များနှင့် ဒေသတွင်းထုတ် စားသောက်ကုန်များ(MSME) ရောင်းချလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်း ဥပဒေများအား သိရှိလိုက်နာစေရန်၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်း၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်စေရန်၊ စားသုံးသူပြည်သူများ မိမိတို့၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန်၊ ကျန်းမာရေးဘေးဥပါဒ်အန္တရာယ်များ မဖြစ်ပေါ်စေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျှက်ရှိပါသည်။

          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်လင်းမျိုးသာ (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင် ပူးပေါင်းအဖွဲ့များဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျိုင်းတုံမြို့ မြို့မဈေးအတွင်းရှိ အေးခဲအသားအရောင်းဆိုင်များအား ဈေးကွက်ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့မဈေးအတွင်းရှိ ရောင်းချလျက်ရှိသော အေးခဲအသားအရောင်းဆိုင်များအား ယခုအခါ နွေရာသီကာလ ရောက်ရှိလာပြီဖြစ်သောကြောင့် အေးခဲအသားများရောင်းချရာတွင် ရေခဲသေတ္တာ၊ ရေခဲပုံး၊မှန်ဘောင်ရေခဲအောက်ခံစသည်တို့ဖြင့် နည်းစနစ်ကျကျရောင်းချကြရန်၊ မှန်ဘောင်အတွင်းသို့ မိမိရောင်းချသည့် ကုန်ပစ္စည်းနမူနာများကိုသာ ခင်းကျင်းပြသထား၍  ဈေးဝယ်သူများ ရောက်ရှိလာမှသာ ရေခဲပုံး/ရေခဲသေတ္တာအတွင်းမှ ထုတ်ယူ၍ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်များနှင့် လျော်ညီစွာရောင်းချကြရန်၊ တရားဝင်ခွင့်ပြုချက်ရရှိထားသော အေးခဲအသားများကိုသာ ရောင်းချကြရန်၊ ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သော အေးခဲအသားများ ရောင်းချခြင်းမပြုကြရန်၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်နှင့် သတ်မှတ်စည်းကမ်းများလိုက်နာခြင်းမရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ အရေးယူခံရနိုင်မည့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနိုင်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)