ပြည်တွင်းပဲဈေးကွက်တွင် ကုလားပဲသီးနှံဈေးတက်ပြီး အရောင်းအဝယ်ဖြစ်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ပြည်တွင်းစားသုံးမှု ပိုမိုမြင့်မားလျက်ရှိသည့် ကုလားပဲများ ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်တွင် ဒေသတွင်းသီးနှံပေါ်ချိန် ဖေဖော်ဝါရီလကုန် မတ်လမှစ၍ ဇူလိုင်လကုန်ထိ ကုလားပဲဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုဩဂုတ်လ(ပထမပတ်) အစောပိုင်းမှစ၍ ကုလားပဲဈေးမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ ကုလားပဲသီးနှံ အဓိကစိုက်ပျိုးမှုများသော ပခုက္ကူကျွန်းဒေသများနှင့် မြိုင်၊ ရေစကြိုမြို့နယ်အတွင်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း၊ ဒေသခံ တောင်သူများတွင် သီးနှံလက်ကျန်နည်းချိန်ဖြစ်၍  ကုန်ဝင်ရောက်မှုနည်းကြောင်း သိရှိရပါသည်။

      ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကုလားပဲ အမျိုးအစားလိုက်၍ (V2)တစ်တင်းလျှင် ကျပ်(၇၉၅၀၀)၊ HL တစ်တင်းလျှင် ကျပ်(၈၆၀၀၀)၊ (V6)တစ်တင်းလျှင် ကျပ်(၉၃၀၀၀)၊ (929) တစ်တင်းလျှင် ကျပ်(၈၂၀၀၀)၊ ကုလားပဲ (ဗမာ) တစ်တင်းလျှင် ကျပ်(၈၀၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇူလိုင်လ (ပထမပတ်)တွင် ကုလားပဲအမျိုး အစားလိုက်၍ (V2)တစ်တင်းလျှင် ကျပ်(၇၉၀၀၀)၊ HL တစ်တင်းလျှင် ကျပ်(၈၃၀၀၀)၊ (V6) တစ်တင်းလျှင် ကျပ်(၈၄၅၀၀)၊ (929) တစ်တင်းလျှင် ကျပ်(၈၂၅၀၀)၊ ကုလားပဲ(ဗမာ)တစ်တင်းလျှင် ကျပ်(၇၉၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်နှင့်ယခုဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း ကုလားပဲ(V6) တစ်တင်းလျှင် ကျပ်(၈၅၀၀)၊ HL တစ်တင်းလျှင် ကျပ်(၃၀၀၀)ခန့် ဈေးတက်ပြီး ကျန် အမျိုးအစားများမှာ ဈေးအနည်းငယ်သာ မြင့်တက်ကြောင်း၊ ဩဂုတ်လ(ပထမပတ်)အတွင်း တစ်ရက်လျှင် ကုလားပဲ(၃၀)ပိဿာဝင်ဆံ့ အိတ်(၅၀ မှ ၁၅၀ ထိ) တစ်ပတ်အတွင်း အိတ် (၇၀၀)ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုန်စည်ဒိုင်နှင့် ပွဲရုံဈေးကွက်သို့ မြိုင်နှင့် ရေစကြိုမြို့နယ်အတွင်းရှိကျေးရွာများမှ အများဆုံးဝင်ရောက်ကြောင်း၊ မြို့ပေါ်ရှိ ပဲခွဲစက်၊ ပဲကြော်လုပ်ငန်းရှင်များမှ ဝယ်ယူသိုလှောင်ခြင်းနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရပါသည်။

      ကုလားပဲသီးနှံကို ပြည်တွင်းစားသုံးမှုအနေဖြင့် ပြုတ်စားခြင်း၊ လှော်စားခြင်း၊ ပဲခြမ်း ပြုလုပ်၍ ချက်စားခြင်း၊ ကြော်စားခြင်းများ ပြုလုပ်ကြပါသည်။ ကုလားပဲသီးနှံအရသာမှာ ချိုစိမ့်၍ လေးရခြင်းကြောင့် နှုတ်ကို မြိန်စေပြီး ခွန်အားကိုဖြစ်စေ၍ ပြည်တွင်းမှထွက်သော ပဲမျိုးစုံအနက် ကုလားပဲမှာ လူကြိုက်များပြီး စားသုံးမှုမြင့်မား၍ ဈေးကွက်သို့ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း မြို့ပေါ်ရှိ ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မ‌ကွေး)