တောင်ငူမြို့တွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

                ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း က မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ တောင်ငူမြို့တွင် သက်သာသောနှုန်းထားဖြင့် စားအုန်းဆီရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် ဆိုင်ထိုင်၍ ရောင်းချခြင်းအပြင် မော်တော်ယာဉ်ဖြင့် တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်ဈေးများဖြစ်သော ရွှေဆံတော်ဘုရားဈေး၊ ဝက်ကုန်းဈေး၊ ဓါတုကလျာဈေး၊ ညောင်ပင်ဈေးများသို့လှည့်လည်၍ ရောင်းချကြောင်း သိရှိရပါ သည်။

            ခရိုင်ဦးစီးမှူးက ရောင်းချနေသည့် စားအုန်းဆီများ၏ အလေးချိန်နှင့်ဈေးနှုန်းမှန်ကန်ရေး၊ စားသုံးသူစိတ်ကျေနပ်မှုရှိစေရေးကို စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ တောင်ငူခရိုင်တွင် ယခုလအတွင်း မြန်မာနိုင်ငံဆီကုန်သည်များအသင်းက ဆီတစ်ပိဿာလျှင် ၆၈၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာ ၃၃၀၀၀ ကို တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဖြူးမြို့နယ်ရှိ ပြည်သူများသို့ ရောင်းချပေးမည် ဖြစ်ပါသည်။

               ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပြည်ပမှ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံမှ စားသုံးဆီများ တိုက်ရိုက်ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ တိုင်း ဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ချိတ်ဆက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားသော ရည်ညွှန်းဈေးများဖြင့် စားသုံးသူပြည်သူများအား ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)