တောင်ငူဒေသလက်ဆောင် အုတ်တွင်းမြို့က ရွှေမြှားအာလူးကြော်၊ စာကလေးချောင်းကြော်နှင့် ငှက်ပျောကြော်လုပ်ငန်းများအား ကွင်းဆင်းလေ့လာ

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း(၂)ရပ်ကွက်၊ တောင်ငူ-ပြည်လမ်းမပေါ်ရှိ ရွှေမြှားအမှတ်တံဆိပ် အာလူးကြော်၊ စာကလေးချောင်းကြော်နှင့် ငှက်ပျောကြော်လုပ်ငန်းသည် စားသုံးသူများပြီး ဈေးကွက်ဝင်သည့်အတွက် တောင်ငူမြို့အပါအဝင် တစ်နိုင်ငံလုံးသို့ ဖြန့်ချရောင်းချနေရပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)၏ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်လက်မှတ် ရရှိထားသည့် စားသောက်ကုန်လုပ်ငန်းဖြစ်ပါသည်။

              အာလူးကြော်ထုတ်လုပ်ရန်အတွက် လိုအပ်သော အာလူးများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှ မှာယူရပါသည်။ အာလူးကြော်ထုတ်လုပ်ရာတွင် အာလူးများကို ပါးပါးလှီး၊ ရေစင် အောင်ဆေးပြီးမှ ဆီသန့်ဖြင့်ကြော်ရခြင်းဖြစ်ပါသည်။ ထို့နောက် ဆီစစ်ပြီး အရသာစုံအောင်ပြန်မွှေ၍ တံဆိပ်ရိုက်ပြီးသား အိတ်များထဲသို့ထည့်၍ ထုပ်ပိုးခြင်းဖြစ်ပါသည်။

              စာကလေးချောင်းကြော်အတွက် လိုအပ်သော ကုလားပဲများကို မန္တလေးမှ မှာယူရပြီး ၎င်းကုလားပဲများကို အမှုန့်ကြိတ်၊ ရေဖျော်ပြီး ကျိုပေးရပါသည်။ ကျိုချက်၍ ရလာသော အရည်ပျစ်ပျစ်ကို ညှစ်စက်ထဲသို့ထည့်ပြီး မီးဖိုပေါ်တင်ထားသော ပွက်ပွက်ဆူသည့် ဆီအိုးထဲသို့ ညှစ်ထည့်ပြီး ကြော်ရပါသည်။ ဆီစစ်ပြီးသော စာကလေးချောင်းကို အိတ်ထဲထည့်ပြီး ၎င်းအိတ်ထဲသို့ ပျဉ်းတော်သိမ်ရွက်ကြော်၊ ငရုပ်သီးခြောက်တောင့်နှင့် မြေပဲဆံအနည်းငယ်ဆီထည့်၍ ထုပ်ပိုးပါသည်။

              ငှက်ပျောကြော်အတွက် လိုအပ်သော ရခိုင်ငှက်ပျောသီးကို တောင်ငူမြို့မှ မှာယူပြီး မှည့်လာသည့်အချိန်တွင် ပါးပါးလှီးကာ ဆီဖြင့်ကြော်ရပါသည်။ ရွှေမြှားအမှတ်တံဆိပ် အာလူးကြော်၊ စာကလေးချောင်းကြော်နှင့် ငှက်ပျောကြော်များကို ယခင်က တစ်ထုပ်လျှင် ၈၀ ကျပ်နှုန်းဖြင့် ရောင်းချဖြန့်ဖြူးပြီး ယခုအခါ ကုန်ကြမ်းဈေးနှုန်းများ တက်လာသဖြင့် တစ်ထုပ်လျှင် ၁၅၀ ကျပ်နှုန်း ဖြင့် ဈေးကွက်အတွင်းသို့ ရောင်းချဖြန့်ဖြူးလျှက်ရှိကြောင်း ရွှေမြှားစားသောက်ကုန်လုပ်ငန်း မန်နေဂျာဒေါ်ဝေ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)