တောင်ငူမြို့က မုန့်ဟင်းခါးခြောက်ဈေးကွက်

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် မုန့်ဟင်းခါးဖို ၂၀ ခန့်၊ မုန့်ဖတ်ခြောက်လုပ်ငန်းလုပ်ကိုင်သူ ၉ ဦးခန့်ရှိကြောင်း သိရှိရပြီး မုန့်ဟင်းခါးသည် ဒေသအလိုက် စားသုံးကြသောအစားအစာများတွင် တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံသည် မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့တွင် သရဖူအမှတ်တံဆိပ် မုန့်ဟင်းခါးခြောက်ထုတ်လုပ်သူ ဦးသိန်းနိုင်မြင့်နှင့်တွေ့ဆုံပြီး မုန့်ဟင်းခါးခြောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်မှုအခြေအနေများကို မေးမြန်းခဲ့ပါသည်။

              တွေ့ဆုံမေးမြန်းမှုအရ မုန့်ဟင်းခါးဖတ် ထုတ်လုပ်ရာတွင် ဆန်လတ်ဆန်များကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုရကြောင်း၊ ယခုအချိန်တွင် ဒေသထွက် ဆန်တစ်အိတ်လျှင် ၂၆၅၀၀ ကျပ် ဝယ်ယူရကြောင်း၊ သရဖူမုန့်ဖတ်ခြောက်စက်ရုံတွင် တစ်ရက်လျှင် ဆန်အိတ် ၄၀ ခန့် မုန့်ဖတ်ထုတ်လုပ်နိုင်ကြောင်း၊ စက်ရုံတွင် လုပ်သား ၂၀ ဦးရှိကြောင်း သိရပါသည်။

              မုန့်ဟင်းခါးခြောက် ထုတ်လုပ်ရာတွင် ပထမဦးစွာ ဆန်လတ်များကို တစ်ရက်စာ ထုတ်လုပ်မှုအတွက် ဆန်အိတ် ၄၀ အား ၂ နာရီခန့် ရေစိမ်ထားရပါသည်။ ရေစိမ်ထားပြီး ဆန်အိတ်များကို နှစ်ကြိမ်မှ သုံးကြိမ်အထိ ရေဆေးရပါသည်။ ရေဆေးပြီး ဆန်များကို မုန့်ကြိတ်ရပါသည်။ ထွက်ရှိ လာသည့် မုန့်နှစ်များအား ရေစစ်ပြီး မုန့်ဟင်းခါးဖတ်ထွက်လာအောင် ညှစ်ရပါသည်။ ရလာသည့် မုန့်ဖတ်များကို လျှော်ရပါသည်။ လျှော်ပြီးသားမုန့်ဖတ်များကို တစ်ရက်နေလှန်းရပါသည်။ မုန့်ဖတ်နေလှန်းရန် စင်များဆောက်ရပါသည်။ ခြောက်သွေ့လာသော မုန့်ဖတ်ခြောက်များကို တပိုင်တနိုင်မယူ၍ ထုတ်ပိုးသည့်နေရာသို့ ပေးပို့ရပါသည်။ ထုပ်ပိုးပြီးသောမုန့်ဖတ်ခြောက်များသည် ဈေးကွက်သို့ပို့ရပါသည်။

              လုပ်သားခငွေရှင်းရာတွင် ကုန်ကြမ်းမှ ကုန်ချောထုပ်ပြီးသည်အထိ ဆန်တစ်အိတ်လျှင် ၃၀၀၀ ကျပ် ပေးရကြောင်း၊ ဆန်လတ်ကြီး တစ်အိတ်လျှင် မုန့်ဖတ်ခြောက် ၂၀ ကျပ်သားထုပ် ၁၁၀ ထုပ်မှ ၁၃၀ ထုပ်အထိရရှိကြောင်း၊ ယခင်နှစ်က မုန့်ဟင်းခါးခြောက် ၂၀ ကျပ်သား တစ်ထုပ်လျှင် ၂၅၀ ကျပ် ရောင်းရကြောင်း၊ ယခုနှစ်တွင် ပီနန်အိတ်ဈေး၊ ပလပ်စတစ်ဈေး၊ ဆီဈေးများတက်လာကြောင်း၊ မုန့်ဖတ်ခြောက်အဖြစ်မရောက်ခင် စက်မှထွက်လာသည့် မုန့်ဖတ်များ မကပ်အောင် စားဆီသုတ်ပေးရကြောင်း၊ ကုန်ကြမ်း ၁၀ အိတ်တွင် စားဆီတစ်ပိဿာ အသုံးပြုရကြောင်း၊ အသုံးပြုရသည့် ကုန်ကြမ်း၊ ဆက်စပ်ပစ္စည်း၊ လုပ်သားခ၊ မီတာခပေါ်အခြေခံ၍ တစ်ထုပ်လျှင် ၂၉၀ ကျပ် ရောင်းချကြောင်း၊ မုန့်ဟင်းခါးခြောက်များကို ရန်ကုန်ဈေးကွက်သို့ အဓိကပို့ကြောင်း၊ မုန့်ဟင်းခါးခြောက် ထုတ်လုပ်ရာတွင် အလေအလွင့်များလည်းရှိကြောင်း၊ အလေအလွင့်ဖြစ်သွားသော မုန့်ဖတ် ခြောက်များကို တစ်ပိသာလျှင် ၄၀၀ ကျပ်နှုန်းဖြင့် ဝက်မွေးမြူသူများက ဝက်စာအဖြစ် ဝယ်ယူကြောင်း လုပ်ငန်းရှင်က ရှင်းပြပါသည်။

           လုပ်ငန်းအခက်အခဲအနေဖြင့် လျှပ်စစ်မီးကို အားထား၍ လုပ်ငန်းဆောင်ရွက်ရသဖြင့် လျှပ်စစ်မီးရရှိမှု နည်းပါးသည့်အခါ အခက်အခဲရှိကြောင်း၊ ဆန်များရေစိမ်ပြီး မီးလုံးဝမလာသဖြင့် ဆန်ပြန်လည်လှန်းရသည့် ရက်များရှိကြောင်း၊ ဈေးကွက်အမှာရှိသလောက် မပို့နိုင်သေးကြောင်း လည်း လုပ်ငန်းရှင်ဦးသိန်းနိုင်မြင့်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)