သဘာဝစားပင် ဆေးဖက်ဝင်ဖလံတောင်ဝှေးအပင်နှင့် အာဟာရကျန်းမာရေး

Powered by Drupal

        မိုးရာသီရောက်လာပြီဆိုလျှင် ဖလံတောင်ဝှေးအပင်များမှာ အစို့ထွက်လာပြီး အပြိုင်အဆိုင်ကြီးထားလာကာ မိုးတွင်းကာလတွင်ပေါက်ရောက်သော စားပင်တစ်မျိုးဖြစ်သည်။ ဖလံတောင်ဝှေးဆိုသည်မှာ ရိုးတံအစိမ်းရောင်ဖြင့် တစ်တောင်မျှအရှည်ဖြတ်ပြီး ခူးစွပ်ရောင်းချသော သဘာဝပေါက်သောအပင်ဖြစ်သည်။  ယခုကဲ့သို့သော မိုးအေးသောရာသီတွင် ဖလံတောင်ဝှေးကိုထုကာ တပြားရိုက်ပြီး ပုစွန်သေးသေးနှင့်ဖြစ်စေ၊ ကြက်ဥနှင့်ဖြစ်စေ ကြော်စားမည်ဆိုလျှင် ထမင်းမြိန်စေသောဟင်းတစ်ခွက်ဖြစ်သည်။ "အစားလည်းဆေး ဆေးလည်းအစာ" ဆိုသည့်အတိုင်း ဖလံတောင်ဝှေးမှာ ကျန်းမာရေးအတွက် အထောက်အကူပြုစေသည်။

       အရှေ့တောင်အာရှနိုင်ငံများ၏ မိုးဥတုတွင် များစွာဖြစ်ထွန်းပေါက်ရောက်သည်။ တရုတ်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊  ဖီဂျီကျွန်းစု၊  ဟာဝိုင်အီကျွန်းစုနှင့် နီကိုဘာကျွန်းစုတို့တွင်   အနှံ့အပြားပေါက်ရောက်သည်။ ငှက်သတ္တဝါတို့ စားသုံးသယ်ဆောင်ခြင်းကြောင့် ကမ္ဘာ့အပူပိုင်းဒေသအနှံ့အပြားတွင် ပေါက်ရောက်လာခြင်းဖြစ်သည်ဟုသိရှိရသည်။

       ဆေးဖက်ဝင်သော ဖလံတောင်ဝှေးအမြစ်ကို သဘာဝသံချဆေးအဖြစ် အသုံးပြုနိုင်သည်သည်ဟုသိရသည်။ ဖလံတောင်ဝှေးအဆီသည် ချောင်းဆိုးပန်းနာရင်ကြပ်နှင့် လေထိုးလေအောင့်သက်သာစေသည်။ ဝမ်းပျက်ဝမ်းလျှောအတွက်လည်းသက်သာစေသည်။ ဖလံတောင်ဝှေးသည် အမျှင်ဓာတ်ပါဝင်တာကြောင့် အစာခြေစနစ်ကိုကျန်းမာစေသည်။ ထို့ပြင် အမျိုးသမီးများတွင်အဖြစ်များသော ရင်သားအဆီအကျိတ်ဖုအတွက်   ဖလံတောင်ဝှေးပင်တစ်ပင်လုံးကိုထုချေ၍ အကျိတ်ပေါ်အုံပေးပြီး အဝတ်စည်းပေးခြင်းဖြင့် အကျိတ်ကျေစေသည်။ အမျှင်ဓာတ်ကြွယ်ဝသော  ဖလံတောင်ဝှေးကို မကြာခဏချက်စားပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုမဖြစ်စေပါ။ ဆီးချိုသမားတွေအတွက် စားသုံးသင့်သောအစားအစာလည်းဖြစ်သည်။

         မအူပင်မြို့သည် အသီးအရွက်ပေါများစွာစိုက်ပျိုးရောင်းချသောဒေသဖြစ်၍ ယခုဖလံတောင်ဝှေးသည် သဘာဝပေါက်သောအပင်ဖြစ်၍ ဈေးနှုန်းအနေဖြင့် တစ်စည်းကို ၅၀၀/-ကျပ်ဖြင့်ရောင်းချကြသည်။  မအူပင်မြို့တွင် ထိုင်ဝမ်ဖလံတောင်ဝှေးများကို စက်တင်ဘာလ၌ ခြံမြေတွင် အနည်းငယ်စိုက်ပျိုးပြီး ရန်ကုန်သို့တင်ပို့လျက်ရှိကြောင်း စိုက်ပျိုးသူတစ်ဦးထံမှသိရပြီး စီးပွားဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)