ကြက်သွန်နီ အဝယ်အေးလို့ ဈေးအေးလာ

Powered by Drupal

        မိတ္ထီလာဈေးကွက်တွင် ကြက်သွန်နီမှာ နယ်ဝေးဝယ်လက်များအေးနေခြင်းကြောင့် ဈေးနှုန်းထပ်မံကျဆင်းကြောင်းသိရပါသည်။ မိတ္ထီလာဈေးကွက်မှ နယ်ဝယ်လက်ပုံမှန်ရှိသောပဲခူးမှာ ရေကြီးမှုကြောင့် ဇူလိုင်လ နောက်ဆုံးပတ်မှစ၍ တင်ပို့မှုရပ်ဆိုင်းသွားပြီး ရန်ကုန်ဝယ်လက်မှာလည်း မိုးများနေသည့်အတွက် အဝယ်နည်းလာကြောင်းသိရပါသည်။ ပုံမှန်အားဖြင့် အခြားကုန်စည်များနှင့်ရော၍ ပဲခူးသို့ ခြောက်ဘီးကားဖြင့် တစ်ရက်လျှင် (၁/၂) စီး၊ ရန်ကုန်သို့ (၁၂) ဘီးကားဖြင့် ရက်သတ္တတစ်ပတ်လျှင် (၂) စီးမှ (၄/၅) စီးအထိတင်ပို့လေ့ရှိပါသည်။ ယခုရက်ပိုင်းတွင်မူ ရန်ကုန်သို့ တစ်ပတ်အတွင်း (၁၂) ဘီးကား (၃) စီးခန့်ဖြင့်သာ အခြားကုန်များနှင့်ရောနှောတင်ပို့ခဲ့ပါသည်။ မိတ္ထီလာဈေးကွက်အနေဖြင့် နယ်စပ်ဝယ်လက်ဖြစ်သည့် တာချီလိတ်သို့ (၁၂) ဘီးကားစီးလုံးဖြင့်လည်းကောင်း၊ အခြားကုန်များနှင့်ရော၍လည်းကောင်း တင်ပို့ရာ ယခုဇူလိုင်လ နောက်ဆုံးပတ်၌လည်း ပုံမှန်တင်ပို့နိုင်ကြောင်းသိရပါသည်။ ဇူလိုင်လဆန်းတွင် နယ်စပ်ဝယ်လက်များဖြစ်သည့် မော်လမြိုင်၊ တာချီလိတ်တို့မှ ဝယ်လိုအားရှိခဲ့တဲ့အတွက် ဒေသတွင်းအထိုင်ဈေး လက်ကားတစ်ပိဿာလျှင် (၁၈၀၀-၁၉၀၀) ကျပ်ရှိခဲ့ရာ က ယခုဇူလိုင်လကုန်တွင်မူ အဝယ်အေး၊ အရောင်းအေးသောကြောင့် တစ်ပိဿာလျှင် (၁၆၀၀-၁၇၀၀) ကျပ်ဈေးရှိကြောင်း ဈေးကွက်မှသိရပါသည်။

DOCA(မန္တလေး)