မိတ္ထီလာဈေးကွက်မှ ကြက်သွန်နီ နယ်ဝေးပုံမှန်တင်ပို့

Powered by Drupal

     မိတ္ထီလာဈေးကွက်တွင် ဩဂုတ်လ ပထမပတ်မှာတော့ နယ်ဝေးဈေးကွက်များသို့ ကြက်သွန်နီ ပုံမှန်ပြန်လည်တင်ပို့လာနိုင်ကြောင်း သိရသည်။ ယခင်တစ်ပတ်က မိုးများပြီး ရေကြီးမှုကြောင့် ပဲခူးသို့ တင်ပို့နိုင်ခြင်းမရှိခဲ့ဘဲ ယခုအပတ်တွင်  ပုံမှန်ပြန်လည်တင်ပို့လာရာ တစ်ပတ်လျှင် (၆) ဘီးကား တစ်စီး နှစ်စီးကို အခြားကုန်များနှင့်ရောပြီး ကြက်သွန်နီပိဿာ (၃၀၀၀/၃၅၀၀) ဝန်းကျင်တင်ပို့နိုင်ပါသည်။ ကုန်တင်ခမှာ ယခင် မိတ္ထီလာ-ပဲခူး တစ်ပိဿာလျှင် (၁၁၅) ကျပ်ရှိခဲ့ရာ ရေကြီးပြီးနောက် ယခုတင်ပို့ရာမှာတော့ တစ်ပိဿာ (၁၃၀) ကျပ်သို့ မြင့်တက်လာပြီး ရန်ကုန်သို့ တင်ပို့ခမှာ တစ်ပိဿာအပေါ် (၅) ကျပ်ခန့်သာ မြင့်တက်ကြောင်း သိရသည်၊၊ ယခုရက်ပိုင်းအတွင်း မိတ္ထီလာမှ ရန်ကုန်သို့ တစ်ရက်လျှင် (၁၂) ဘီးကားဖြင့် ကြက်သွန်နီပိဿာ (၃၅၀၀/၄၀၀၀) ကို အခြားကုန်များနှင့်ရော၍လည်းကောင်း၊ တာချီလိတ်သို့ ကုန်တင်ယာဉ်ရရှိမှုအပေါ် မူတည်ပြီး တစ်ပတ်လျှင် (၁၂) ဘီးကားဖြင့် ကုန်ပိဿာ (၂၅၀၀/၃၀၀၀) ဝန်းကျင်ကို အခြားကုန်များနှင့်ရော၍လည်းကောင်း တင်ပို့ခဲ့ပြီး၊ ယခုတစ်ပတ် မော်လမြိုင်သို့လည်း (၁၂) ဘီးကား စီးလုံးဖြင့် ကုန်ပိဿာချိန် (၁၀၀၀၀) တင်ပို့နိုင်ခဲ့ပါသည်။ နယ်ဝေး တင်ပို့မှုပုံမှန်ပြန်ဖြစ်လာတဲ့အတွက် ကြက်သွန်နီဈေးမှာ ယခင်တစ်ပတ်က (၁၆၀၀-၁၇၀၀) ကျပ်မှ ယခု (၁၇၀၀-၁၈၀၀) ဈေးဖြစ်လာကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)