စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ဒုတိယဦးစီးမှူး ဦးနေစိုးထက်တို့သည် ဩဂုတ်လ ၉ရက်နေ့၊ ညနေပိုင်းတွင် တောင်ငူမြို့ရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ရောင်းချနေမှု၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းလေ့လာစောင့်ကြည့်ခဲ့ပါသည်။
မြို့နယ်တာဝန်ခံသည် အမှတ်တံဆိပ်ပါ စားသုံးဆီများ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်းကောင်း၊ ခွက်မှောက်ခွက်လန်ရောင်းချသောဆီများ၌ အလေးချိန်၊ ဈေးနှုန်းနှင့် အရည်အသွေးမှန်ကန်ခြင်းရှိ/မရှိကိုလည်းကောင်း၊ တရားမဝင်တင်သွင်းသော စားသုံးဆီများရောင်းချခြင်းရှိ/မရှိကိုလည်းကောင်း စစ်ဆေးကြည့်ရှုခဲ့ပါသည်။
ထို့နောက် အရောင်းဆိုင်များအနေဖြင့် ရည်ညွှန်းဈေးဖြင့်ရရှိသောစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချရခြင်းဖြစ်သဖြင့် ၎င်းကို အခွင့်ရေးတစ်ရပ်အနေဖြင့် အခြား ကုန်ပစ္စည်းတစ်ခုခု တွဲဖက်ဝယ်ယူမှသာ ရောင်းချခြင်းမျိုးကိုမပြုလုပ်မိစေရန် သတိထားရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေတွင် ကုန်စည်တစ်ခုဝယ်ယူရာ၌ ခိုင်လုံသောအကြောင်းပြချက်တစ်စုံတရာမရှိဘဲ အခြားကုန်စည်တစ်ခုနှင့်တွဲဖက်ရောင်းချရေးမပြုရန် တားမြစ်ထားကြောင်းကို ဆိုင်ပိုင်ရှင်များနှင့်ကိုယ်စားလှယ်များအား အသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)