ထန်းတစ်ပင်၏ အသုံးဝင်ပုံ

Powered by Drupal

              နိုင်ငံတစ်နိုင်ငံအတွက် သစ်တောသစ်ပင်များတည်ရှိမှုမှာ ထိုနိုင်ငံတွင်နေထိုင်ကြသော နိုင်ငံသူ/ သားများအတွက် အထူးအရေးပါလှပါသည်။ ယခုအခါ ကမ္ဘာကြီးပူနွေးလာမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း အားနည်းလာမှု အစရှိသည့် အကြောင်းများကြောင့် သစ်တောသစ်ပင်များမှာ များစွာပျက်စီးဆုံးရှုံးခြင်းနှင့် ကြုံတွေ့နေရပါသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာကိစ္စရပ်များတွင် သစ်တော၊ သစ်ပင်များ  ထိန်းသိမ်းကာကွယ်သည့် ကဏ္ဍသည်လည်း အလွန်အရေးပါသည်။

            သစ်ပင်များသည် လူတို့ကိုဘက်ပေါင်းစုံမှ အကျိုးပြုပါသည်။ သစ်ပင်များအနက် ထန်းပင်သည် အပင်ထိပ်ဖျားပိုင်းမှ အောက်ခြေအမြစ်ပိုင်းအထိ လူတို့ကိုဘက်စုံအကျိုးပြုရာ ထန်းပင်များကို စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း အညာဒေသများနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရပါသည်။

              အပင်၏ထိပ်ပိုင်းတွင်ရှိသော ထန်းအရွက်မှာ လူတို့နေထိုင်ရာ အဆောက်အဦးဖြစ်သည့် နေအိမ်များအတွက် ခေါင်မိုး(အမိုး၊ အကာ)အဖြစ် အသုံးပြုနိုင်သည်။ ထန်းအလက်ခေါ် (ထန်းရိုး) နှင့် ထန်းဖူးတို့ကိုလည်း လူသုံးကုန်ပစ္စည်းများဖြစ်သည့် တောင်း (ထန်းခေါက်တောင်း)၊ ထန်းလျော်၊ ထန်းဖူးခမောက် အစရှိသည်ဖြင့် ပြုလုပ်အသုံးပြုနိုင်သည်။ တဖန် ထန်းအလက်ကို  အကြမ်း၊ အချော နှစ်မျိုးခွဲပြီး  အိမ်ခြံစည်းရိုး၊ ထန်းကုလားထိုင် အစရှိသည်ဖြင့်လည်း အသုံးပြုကြသည်။ ထန်းသီးကိုလည်း အသီးနုချိန်တွင် အထဲတွင်ရှိသော ထန်းသီးဆံအဖြူလေးများကို စားသုံးနိုင်ပြီး၊ အသီးရင့်မှည့်ချိန်တွင် ထန်းညှောက်ပျိုးပြီး ထန်းပင်မြစ်အဖြစ်လည်းကောင်း၊ ထန်းသီးမုန့်အဖြစ်လည်းကောင်း ပြုလုပ်စားသုံးနိုင်သည်။

          ထန်းရည်အချိုကို ထန်းလျက်၊ ထန်းရည်ချိုမုန့်ပြုလုပ်နိုင်သည်။ ထန်းလျက်ကို မြန်မာနိုင်ငံရှိ နေရာဒေသအနှံ့အပြားမှ ပြည်သူများက အသုံးပြုစားသုံးကြပြီး အချို့ကျေးရွာလေးများ၏ ဧည့်ခံစားပွဲဝိုင်းတွင် အချိုပွဲအဖြစ်တွေ့ရတတ်သည်။ ထန်းလျက်ကို ပြည်ပတင်ပို့မှုမရှိသေးသော်လည်း ပြည်တွင်းဈေးကွက်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မိတ္ထီလာ၊ နတ်မောက်၊ ပြည်၊ အောင်လံ၊ မကွေး စသည့်မြို့ကြီးများသို့ အဓိကထားတင်ပို့ ရောင်းချလျှက်ရှိကြောင်းသိရသည်။ ထို့အပြင် ထန်းလျက်ကို တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် ထန်းလျက်အမှုန့်၊ ထန်းသကြားအမှုန့် အစရှိသည်ဖြင့်လည်း မြန်မာ့ရိုးရာစားသောက်ကုန် တစ်မျိုးအဖြစ်ပြုလုပ်ကြကြောင်းသိရသည်။ ထန်းရေအခါးသည်လည်း အလွန်အကျွံမသောက်သုံးပဲ သင့်တင့်ရုံသောက်ပါက လူတို့၏ခန္ဓာကိုယ်အတွက် အပူကင်း၊ ဆီးရွှင်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများပေးပါသည်။ ထို့အပြင် ထန်းပင်၏ ပင်စည်ကို ထွင်း၍ အိမ်တိုင်၊ ကြမ်းခင်း၊ နွားစာကျင်း၊ ထင်း အစရှိသည်ဖြင့် အသုံးပြုနိုင်သည်။ ထန်းပင်၏ အမြစ်ကိုလည်းပန်းအိုးအဖြစ် အသုံးပြုနိုင်သည်။ ဤကဲ့သို့ ပင်စည်မှအစ အရွက်ထိအောင် အလေအလွင့်မရှိပဲ ဘက်စုံအသုံးပြုနိုင်သော ထန်းပင်သည် လူတို့အတွက်များစွာ အကျိုးပြုအသုံးဝင်လှပါသည်။

        သစ်ပင်တိုင်းသည် လူတို့ကိုဘက်ပေါင်းစုံမှ အကျိုးပြုသည့်အတွက် လူတို့သည်လည်း သစ်ပင်တိုင်းကို တန်ဖိုးထားရမည်ဖြစ်သည်။ “သစ်ပင်ပန်းမန်လေသန့်စင်၍ ဥယျာဉ်တောတန်းစိတ်ရွှင် လန်း၏” ဟူသောဆိုရိုးစကားအတိုင်း လက်ရှိကမ္ဘာကြီး သာယာတည်မြဲရေး၊ လူသားတို့၏အကျိုး စီးပွားဖွံ့ဖြိုးတိုးရေးအတွက် သက်ရှိသစ်ပင်များအား ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်ကြရန် တစ်ဦး၊ တစ်ယောက်ချင်းစီတိုင်းမှာ တာဝန်ရှိပါသည်။ အားလုံးကောင်းမှ ရလဒ်ကောင်းမည် ဖြစ်ပါသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေသော ထန်းပင်များကို အလေးထားအသုံးပြုနိုင်စေကြောင်း တင်ပြလိုက် ပါသည်။

DOCA(စစ်ကိုင်း)