ဈေးကွက်တွင် ရေရှည်တည်တံ့ပြီး ဈေးကောင်းရနေသော မွန်ပြည်နယ်၏ ကျွဲကောသီး

Powered by Drupal

       မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာ ပြည်နယ်တစ်ခုဖြစ်သည်။ မွန်ပြည်နယ်အတွင်း ကျွဲကောစိုက်ဧကစုစုပေါင်း (၂၈၃၁) ဧကရှိရာ ၂၀၂၃ခုနှစ် နှစ်ကုန်အထိ ကျွဲကောသီးအလုံးရေပေါင်း (၁၁၂၅၇၄၉၅)လုံးထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းအရသိရှိရပါသည်။ မွန်ပြည်နယ်သည် ရေခံမြေခံကောင်းသဖြင့်  ကျွဲကောစိုက်ပျိုးမှု၌ အောင်မြင်ဖြစ်ထွန်းဒေသဖြစ်သည်။  ကျွဲကောသီးအများဆုံးထွက်ရှိသည့်မြို့နယ်များမှာ  မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့၊ ဘီးလင်းမြို့၊ သထုံမြို့နယ်တို့ဖြစ်သည်။

        တစ်နိုင်ငံလုံးတွင် မွန်ပြည်နယ်ကျွဲကောသီးမှာ အကောင်းဆုံးဟု တင်စားအသိအမှတ်ပြုမှုခြင်း၊ လက်ဆောင်ပေးခြင်း၊ စားသုံးခြင်းတို့အတွက် ဝယ်ယူသူများပြားသည်။  ယခင်ကျွဲကောခြံသမားများက တစ်နိုင်တစ်ပိုင်စီးပွားသာလုပ်ကြသည်။  ယခုအခါ ကျွဲကောသီးစိုက်ပျိုးမှုကို စီးပွားဖြစ် ပိုမိုလုပ်ကိုင်လာကြသည်။  ကျွဲကောသီးများစတင်ထွက်ရှိချိန်မှာ  စက်တင်ဘာလ၊ အောက်တိုဘာလများဖြစ်၍ အများဆုံးအသီးထွက်ရှိချိန်ဖြစ်သော်လည်း တစ်နှစ်ပတ်လုံးလည်း အသီးမပြတ်ထွက်ရှိပြီး ဈေးကွက်အတွင်း မပြတ်လပ်ဘဲ ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။

  ယခုကာလ ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း ကျွဲကောသီးဈေးနှုန်းများမှာ ကျွဲကောသီး (ပန်းရောင်) အလုံးကြီးတစ်လုံးလျှင် (၄၀၀၀-၂၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၀၀၀-၁၀၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၁၀၀၀-၇၀၀)ကျပ်၊ ကျွဲကောသီး (အဖြူ) အလုံးကြီးတစ်လုံးလျှင် (၃၅၀၀-၂၅၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၂၃၀၀-၁၀၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၉၀၀-၅၀၀)ကျပ်ခန့်နှင့် အဆိုပါကျွဲကောသီးများကို မော်လမြိုင်-ရန်ကုန် ကားလမ်းဘေး ဝဲ/ယာဆိုင်များနှင့် ရန်ကုန်ဈေးကွက်များသို့ တင်ပို့ရောင်းချမှုရှိသည်။

        မွန်ဒေသရှိ ကျွဲကောလုပ်ငန်းရှင်များသည် ကျွဲကောသီးထုတ်ကုန်ပိုမိုတိုးတက်စေရေး အလုပ်ရုံဆွေးနွေးမှုများပြုလုပ်လေ့ရှိသည်။ ယခင်၂၀၁၉ခုနှစ်၊ သြဂုတ်၁၆ရက်နေ့တွင် မော်လမြိုင်ကုန်စည်ဒိုင်၌ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲ၌ မွန်ဒေသကျွဲကောဇုန်ထူထောင်ရန် ယခင်ကာလက မွန်ပြည်နယ်အတွင်း  ကျွဲကောကို အဆင်ပြေသလိုစိုက်လာကြကြောင်း၊ ထို့အတွက် အသီးမျိုးစုံသောကြောင့် ဒေသအတွင်း မျိုးသန့်ရွေးချယ်ပြီး  မျိုးကောင်းကောင်းကိုသာစိုက်ပျိုးကြရန်၊ ကုန်သည်နှင့် စားသုံးသူများကလည်း ကွန်တိန်နာလိုက်ဝယ်ယူရာတွင် ရောင်းချနိုင်ရန်၊  မျိုးသန့်တစ်မျိုးတည်း ဇုန်အဖြစ်ထူစိုက်ကြရန်၊ ကာလငါးနှစ်သတ်မှတ်ရန်၊ ၎င်းဇုန်ထူထောင်ရန် ငွေကြေးအရ SME ချေးငွေကို သင့်တင့်သောအတိုးနှုန်းဖြင့်ပေးရန်၊  အစိုးရကလည်း မြေဧကအနည်းဆုံး ဧက ၅၀မှစကူရန်၊ နေရာရွေးချယ်ရာတွင် ကျိုက်ထို၊ သိမ်ဇရပ်မုက္ခမူ၊ မော်လမြိုင်တို့၌ စီမံဆောင်ရွက်ရန်၊  ကျွဲကောဇုန်စည်းကမ်းချက်လျာထားမှုနှင့် အစိုးရခွင့်ပြုလျှင် ၂၀၂၀ခုနှစ်မှ ၂၀၂၅ခုနှစ်အတွင်း ကြိုးစားကြရန်ပြောကြားခဲ့ပါသည်။ ယင်းဆွေးနွးမှုအရ ၂၀၂၅ခုနှစ်ဆိုလျှင် ကျွဲကောထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်မည်နှင့် တန်ဖိုးမြင့်ကျွဲကောယို၊ ကျွဲကောဝိုင်ထုတ်ရန် လုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်သောလုပ်သားများအား သင်တန်းပို့ချရန် စသောကိစ္စရပ်များဆွေးနွေးခဲ့သည်။

     ထို့ပြင် အကျိုးအမြတ်များအနေဖြင့် ၂၀၂၅ခုနှစ်တွင် ကျွဲကောဇုန်မှ နိုင်ငံခြားသို့ပို့သည့် အဆင့်ရောက်နိုင်ရေး၊  ဇုန်နှင့်လုပ်ကိုင်သည့်အတွက် စိုက်မည့်နည်းပညာ၊ မျိုးသန့်၊ ပိုးမွှားကာကွယ်ရေး၊ ဓာတ်မြေသြဇာမှအစ စိုက်ပျိုးရေးဌာနနဲ့ တောင်သူထိတွေ့ပြီး GAP စိုက်ပျိုးရေး အလေ့အကျင့်ကောင်းစိုက်ရန်နှင့် Made in Mon ဖြင့် အမှတ်တံဆိပ်ပြုလုပ်ပြီး ဖြစ်ထွန်းနိုင်ခြေများတို့ကိုဆွေးနွေးခဲ့ကြသည်။   

        ကျွဲကောသီးကို ကျန်းမာရေးအရ စားသုံးကြသည့်အတွက် စားသုံးသူများအနေဖြင့် အဖြူရောင်ကျွဲကော(အချိုသီး)နှင့် ပန်းရောင်ကျွဲကော (ချိုချဉ်သီး) နှစ်မျိုးလုံးတို့ကိုဝယ်ယူစားသုံးကြရာ ၎င်းကိုအကြိုက်တွေ့၍ စားသုံးသူများသည်။ နှလုံးကျန်းမာရေးကောင်းမွန်ချင်သူများ ကျွဲကောသီးစားသုံးပေးကြရန်နှင့် မဂ္ဂနီဆီယမ်ဓာတ်များပါဝင်သောကြောင့် နှလုံးအလုပ်ကောင်းကောင်းလုပ်နိုင်ရန် အထောက်အကူပြုပါသည်။ ပိုတက်စီယမ်ပါဝင်မှုကြောင့် ခန္ဓာကိုယ်ထဲ၌ရှိသော မကောင်းသောကိုလက်စထရောများကိုလျှော့ချပေးသည်။

        သွေးထဲတွင်ရှိသော အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးနိုင်သောကြောင့် နှလုံးအားကောင်းစေသည်။ အနာများရှိပြီး အနာမကျက်ဘဲ ရင်းနေလျှင် ကျွဲကောသီးစားသုံးပေးခြင်း၊ ပိုးမွှားများကာကွယ်ခြင်းရှိပြီး၊  အခြားရောဂါများဖြစ်သည့် အအေးမိခြင်းနှင့် ဖျားနာခြင်းလည်းဖြစ်စေသော  ဘက်တီးရီးယားတွေကိုကာကွယ်ပေးနိုင်သည်။ ဗီတာမင်အေပါဝင်မှုသည် အသားအရေအတွက် အထူးကောင်းမွန်စေပါသည်။ ကျွဲကောသီးမှာ ဗီတာမင်အေအများအပြားပါဝင်သောကြောင့် အရေပြားအတွက် သွေးလည်ပတ်မှုရရှိစေပြီး မျက်ကွင်းညိုခြင်းကိုလျှော့ချပေးသည်။ collagen လည်းပါဝင်၍ အရေးအကြောင်းနှင့် အရွယ်မတိုင်ခင် အိုမင်းမှုကိုလျှော့ချ၍ နုပျိုစေသည်။ ကျွဲကောသီးစားသုံးခြင်းသည် အစက်အပြောက်က်များကိုလျှော့ချပေးနိုင်သည့်အပြင် ဝက်ခြံများမဖြစ်အောင်လည်း ထိန်းသိမ်းပေးသည်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုလည်း ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်ပါသည်။ ဆီးလမ်းကြောင်းတစ်လျှောက် ပိုးဝင်ခြင်းကြောင့် နာကျင်မှုများကိုလျှော့ချပေးနိုင်သည်။ ကျွဲကောသီးတွင်ပါဝင်သော ဗီတာမင်စီသည် ဆီးလမ်းကြောင်းကျန်းမာရေးအတွက် လိုအပ်သော  ဗီတာမင်တစ်မျိုးဖြစ်ပါသည်။ ထို့ပြင် ကျွဲကောသီးမှာ ဓာတ်တိုးဆန့်ကျင်မှု၊ ရင်သားကင်ဆာနှင့် အူကင်ဆာများဖြစ်ခြင်းကိုတားဆီးပေးနိုင်ပါသည်။ Estrogen ပါဝင်တာကြောင့် ကင်ဆာဆဲလ်များပြန့်ပွားမှုကိုလည်း ထိန်းချုပ်ထားပေးပြီး အမျှင်ဓာတ်မှာမူ အူမကြီးကင်ဆာမဖြစ်ရန် စွမ်းဆောင်ပေးနိုင်ပါသည်။ အချဉ်ဓာတ်နှင့် အမျှင်ဓာတ်ပါဝင်၍ တစ်နေ့လျှင် အမျှင်ဓာတ်(၂၅%)ခန့်စားပေးခြင်းဖြင့် အစာခြေစနစ်ကောင်းမွန်စွာလည်ပတ်နိုင်ပြီး ဝမ်းချုပ်ခြင်းမှကင်းဝေးပါသည်။ ထို့ပြင် ကျွဲကောသီး၌ပါဝင်သော မဂ္ဂနီဆီယမ်ဓာတ်မှာ ကြွက်သားတင်းမာမှုကိုပြေလျော့စေပါသည်။ ကျွဲကောသီးများစားသုံးပေးသင့်သော နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ကျွဲကောသီးတွင် အဆီပိုများကိုလောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အလေးချိန်ကျစေ၍ ပိန်စေနိုင်သော အင်ဇိုင်းဓာတ်ပါဝင်သည်။ ထို့ကြောင့် မွန်ပြည်နယ်ဒေသမှ ထွက်ရှိသောကျွဲကောသီးကို  စိတ်ဝင်စား၍      စီးပွားရေးလုပ်ကိုင်သူများ၊  ဝယ်ယူစားသုံးနိုင်သော စားသုံးသူများသိရှိစေရန်နှင့် ဈေးကွက်တွင် ရေရှည်တည်တံ့ပြီး ဈေးကောင်းရနေသော မွန်ပြည်နယ်၏ ကျွဲကောသီးအကြောင်းကို ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မွန်)