ပုသိမ်ဈေးကွက်ရှိ ရာသီစာမှိုဈေးနှုန်းအခြေအနေ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ပုသိမ်မြို့နယ်အတွင်း ကျေးရွာများရှိ ဒေသနေပြည်သူအများစုသည် မိုးဦးကျကာလတွင် တောတောင်များနှင့် မိမိတို့၏နေအိမ်ခြံဝင်းများ၌ သဘာဝအလျောက် ထွက်ရှိသော ရာသီစာမှိုများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပို ဝင်ငွေရရှိကြောင်း သိရပြီး မြန်မာနိုင်ငံတွင် သဘာဝအလျှောက် ပေါက်ရောက်သော မှိုများတွင် တောင်ပို့မှို ခေါ် မှိုခြေတံရှည်သည် အထင်ရှားဆုံး ဖြစ်သည်။ အခြားထင်ရှားသည့် မှိုများမှာ မှိုဦးနက်နှင့် မှိုခြေတံကြီးဖြစ်ပြီး မိုးတွင်း၌ ပေါက်ရောက်တတ်သည့် ဝါးမှို၊ နယုန်လလောက်၌ ပေါက်ရောက် တတ်သော မှိုကြက်တောင်၊ မိုးဦးကျတွင် ပေါက်ရောက်တတ်သော ကောက်ရိုးမှိုနှင့် မြက်ကြားမှိုခေါ် ဆန်ကွဲမှိုများ ဖြစ်သည်။ အထက်ပါမှိုများမှာ စားကောင်းသောမှိုများဖြစ်သော်လည်း အလေ့ကျသာပေါက်ရောက်တတ်သဖြင့် မှိုရှာသူများသည် အဆိပ်ရှိသောမှိုများနှင့် မမှားရအောင် အလွန်သတိကြီးစွာထားရသည်။

    ဒေသနေပြည်သူအများစုမှာလည်း မိုးဦးကျကာလတွင် မိမိတို့ ကျေးရွာအနီးတစ်ဝိုက်ရှိ တောတောင်များအတွင်းရှိ မြေလွတ်မြေရိုင်းများ၊ ဥယျာဉ်ခြံမြေများနှင့် နေအိမ်ခြံဝင်းများတွင် သဘာဝအလျောက် ထွက်ရှိသော စားမှိုများကို အုပ်စုလိုက် လိုက်လံရှာဖွေကြပြီး ရရှိသည့်မှိုများအား မိသားစုစားရန် အနည်းငယ်ချန်ထား၍ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက်များ ၊ ကျေးရွာများနှင့် ဈေးများသို့ လိုက်လံရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း၊ မှိုအဖူး၊ အငုံ၊ အပွင့် အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ထိ ဈေးနှုန်း သတ်မှတ်ပြီး ရောင်းချရကြောင်း၊ တစ်နှစ်လျှင် ရာသီစာမှို သုံးကြိမ်ခန့်ထွက်ရှိသဖြင့် မှိုထွက်ချိန် ရောက်လျှင် ဒေသနေပြည်သူများ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ပြီး နှစ်ခြိုက်စွာစားသုံးသဖြင့် အပိုဝင်ငွေ ရရှိချိန်လည်းဖြစ်ကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

DOCA(ဧရာဝတီ)