ပခုက္ကူမြို့၌ မြေပဲဈေးကွက်ဝယ်လိုအားကောင်းပြီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြေပဲဈေးကွက်တွင် မြေပဲဆန်ဈေးနှုန်းများဆက်လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ် လျက်ရှိသည်။ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် မြေပဲဆန်တစ်ပိဿာလျှင် ကျပ်(၁၀၅၀၀- ၉၅၀၀)ထိပေါက်ဈေးရှိလာသည်။ တောင်သူနှင့် ကုန်သည်များတွင် ပဲလက်ကျန်နည်းလာပြီး မြို့ပေါ်ရှိဆီစက်ပိုင်ရှင်များမှ ဝယ်လိုအားကောင်းနေခြင်းကြောင့် မြေပဲဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိကြောင်း၊ ပခုက္ကူဈေးကွက်သို့ မြေပဲစိုက်ပျိုးမှုများသော ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်မြို့နယ်များမှ အများဆုံးဝင်ရောက်ကြောင်း၊ မြို့ပေါ်ရှိပွဲရုံများတွင် နေ့စဉ် မြေပဲဆန် ပျမ်းမျှပိဿာ(၃၀)ဝင်အိတ် (၁၀၀-၁၅၀) အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။

  ဈေးနှုန်းအနေဖြင့် ဩဂုတ်လ(ဒုတိယပတ်)တွင် မြေပဲလုံးဆန်နီ(ပြန့်) တစ်ပိဿာလျှင် ကျပ် (၁၀၅၀၀-၁၀၀၀၀)၊ မြေပဲဆီဆန်တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၉၂၀၀)၊ မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀-၉၅၀၀)၊ ဆီဆန်တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၉၃၀၀)ဈေးနှုန်းရှိပြီး ယခင်ဩဂုတ်လ (ပထမပတ်)တွင် မြေပဲလုံးဆန်နီ(ပြန့်) တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၉၂၀၀)၊ မြေပဲဆီဆန်တစ်ပိဿာလျှင် ကျပ်(၉၅၀၀-၉၀၀၀)၊ မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာလျှင် ကျပ်(၈၇၀၀-၈၅၀၀)၊ ဆီဆန်တစ်ပိဿာလျှင် ကျပ်(၈၃၀၀-၈၀၀၀)ဈေးနှုန်းဖြစ်၍ တစ်ပတ်အတွင်း မြေပဲဆန်တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ မြေပဲဆန်ဈေးမြင့်တက်ခြင်းနှင့်အတူ မြေပဲဆီ၊ မြေပဲဖတ်ဈေးနှုန်းများလည်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ ဆားလှော်လုပ်ငန်းရှင်များက ဝယ်ယူကြောင်း၊ မြေပဲဈေးနှုန်းမြင့်တက်သော်လည်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပွဲရုံဈေးကွက်မှသိရှိရပါသည်။   

DOCA(မကွေး)