လမြတ်ဝါဆိုနှင့် ဝါဆိုသင်္ကန်း

Powered by Drupal

      ဝါဆိုလသည် မြန်မာပြက္ခဒိန်၏ စတုတ္ထမြောက်လဖြစ်ပြီး ရာသီခွင်အားဖြင့် ကရကဋ်ရာသီဟုခေါ်ဆိုပါသည်။ အထိမ်းအမှတ်ပန်းမှာ ပုန်းညက်ပန်းဖြစ်ပါသည်။ ဝါဆိုဟူသောစကားမှာ ပါဠိစကား “ ဝါသ” မှ တိုက်ရိုက်လာသော စကားဖြစ်ပြီး “ နေခြင်း ” ဟုအဓိပ္ပါယ်ရသည်။ “ ဆို ” ဟူသည်မှာ “ရွတ်ဆိုခြင်း” ကိုခေါ်ဆိုပါသည်။ ထို့ကြောင့် ရဟန်းတော်များသည် ကျောင်း၌ နေပါမည်ဟု အဆိုပြုသောလကို ဝါဆိုလ ဟုခေါ်ဆိုသည်။ ဗုဒ္ဓဘာသာတွင် ဝါဆိုလပြည့်ကျော် ၁ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ကာလကို ဝါတွင်းသုံးလကာလဟုသတ်မှတ်ထားရှိရာ ရဟန်းတော်များမှာ ဝါဆိုဝါကပ်ခြင်းပြုလုပ်ကြပါသည်။

          ရဟန်းတော်များသည် သီတင်းသုံးရာနေရာတွင် ဝါဆိုလပြည့်ကျော် ၁ရက်နေ့ည၌ စုပေါင်း၍ “ဝါတွင်းသုံးလတာကာလပတ်လုံး တစ်ရပ်တစ်ပါးသို့မသွားဘဲ တစ်ကျောင်းတစ်နေရာတွင် သီတင်းသုံးပါမည်” ဟု ရွတ်ဆိုအဓိဋ္ဌာန်ပြုကြခြင်းအား ဝါဆိုဝါကပ်ခြင်း ဟုခေါ်ပါသည်။

      ဝါဆိုရန် နီးကပ်သည့်အချိန်ဖြစ်စေ၊ ဝါတွင်းကာလတွင်ဖြစ်စေ လှူဒါန်းသည့်သင်္ကန်းကို ဝါဆိုသင်္ကန်းဟုခေါ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းကာလတွင် အခြားကာလများထက်ပိုမို၍ အလှူဒါနပြုလုပ်ခြင်းများ၊ သီလဆောက်တည်ခြင်းနှင့် ဝါဆိုသင်္ကန်းကပ်လှူခြင်းများပြုလုပ်ကြပါသည်။ ဝါဆိုသင်္ကန်းကပ်လှူခြင်းတွင် သင်္ကန်းလှူရခြင်းအကျိုးအပြင် အဝတ်အထည်လှူဒါန်းခြင်း၏ အကျိုးများကိုလည်းရရှိစေနိုင်ကြောင်းသိရှိရပါသည်။ ဝါတွင်းကာလတွင် သင်္ကန်းအမျိုးအစားပေါ်မူတည်၍ သင်္ကန်းတစ်စုံလျှင် ကျပ်၄၅၀၀၀မှ ကျပ်၁၇၀၀၀၀ထိဈေးရှိပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)