ဆိပ်ဖြူကြက်သွန်နီ ဩဂုတ်လ(ဒုတိယပတ်) ဈေးကွက်သို့ ကုန်ဝင်ရောက်မှုများလာ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် စိုက်ဧကအများဆုံး စိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်နီရောင်းဝယ်ပြုလုပ်သည့် ပွဲရုံများသို့ ကုန်ဝင်ရောက်မှုများလာကြောင်း၊ ယခုတစ်ပတ်တွင် ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ တစ်ရက်လျှင် ကြက်သွန်နီပျမ်းမျှကုန်ချိန်ပိဿာ (၃)သောင်းမှ (၄)သောင်းအထိ တစ်ပတ်အတွင်း ကုန်ချိန်ပျမ်းမျှ ပိဿာ(၄)သိန်းခန့် ဝင်ရောက်ကြောင်း၊ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှုများသော အနောက်ကံတွင်း၊ အရှေ့ကံတွင်း၊ ရွာသစ်ကြီး၊ ရေပုပ်၊ ချောင်းမကြီး၊ ဂွေးပင်ကျေးရွာများမှ ကုန်ချိန်အများဆုံးဝင်ရောက်ကြောင်း ပွဲရုံဈေးကွက်မှ သိရှိရပါသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် နွေကြက်သွန်နီ (ဂျွန်) တစ် ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀-၁၇၀၀) ဈေးဖြစ်ပြီး ပွဲရုံများမှ အရည်အသွေးပြန်လည်သန့်စင်ပြီး အကြီးအသေးလိုက်၍ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၃၀၀-၁၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီ(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၇၀၀- ၁၄၀၀)ဈေးဖြင့် ရောင်းချခဲ့ရာ ယခုတစ်ပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရှိရသည်။

    ယခုအပတ်တွင် ဆိပ်ဖြူကြက်သွန်နီဈေးကွက်သို့ ယခင် ဩဂုတ်လ(ပထမပတ်)ထက် ကုန်စည် ဝင်ရောက်မှုများလာကြောင်း၊ တောင်သူများအနေဖြင့် ကြက်သွန်နီ သိုလှောင်ချိန် သက်တမ်းကုန်ဆုံး ချိန်နီး၍ ရောင်းချမှုများလာကြောင်း၊  နယ်မြေအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိသော်လည်း ယခုတစ်ပတ်တွင် ပြည်ပပို့ကုန်အဖြစ် မြဝတီ၊ မော်လမြိုင်မြို့များမှ တဆင့် ထိုင်း၊ ဗီယမ်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး  ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန် အများဆုံး တင်ပို့လျက်ရှိသည်။ ထိုမှတဆင့် ဒေသအနှံ့အပြား တင်ပို့လျက်ရှိကြောင်း၊ ယခုတစ်ပတ်တွင် ကြက်သွန်နီဈေးအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်သွက်ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိ ရပါသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် ဩဂုတ်လ(ဒုတိယပတ်)တွင် ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ပြည်၊ ပုသိမ်မြို့နှင့် မော်လမြိုင်၊ မြဝတီမြို့များသို့ တင်ပို့လျက်ရှိပြီး ကြက်သွန်နီ ကုန်ချိန်ပိဿာ(၄)သိန်း၊ တန်ချိန်အားဖြင့် (၆၅၃)တန်ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း၊ ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိ၍ ပွဲရုံဈေးကွက်မှ သိရှိရပြီး ဆိပ်ဖြူဒေသထွက်ကုန် ကြက်သွန်နီများကို နှစ်စဉ်၊ လစဉ် ပြည်ပပို့ကုန်အဖြစ် တင်ပို့လျက်ရှိသောကြောင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အပံ့ဖြစ်လျက်ရှိပါသည်။

DOCA(မကွေး)