ကျိုင်းတုံ၌ ခရမ်းသီးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၂၂)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်ရှိ ကတ်ဖအုပ်စု၊ ယန်းကျိန်ရွာရှိ ခရမ်းသီးစိုက်ပျိုးသော တောင်သူတစ်ဦးအား တွေ့ဆုံ၍ ခရမ်းသီးစိုက်ပျိုးမှုနှင့်ဈေးကွက်အခြေအနေတို့အား ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။

   ခရမ်းသီးစိုက်ပျိုးရာတွင် အကွက်တစ်ကွက်လျှင် ခရမ်းသီးမျိုးစေ့ နို့ဆီဗူးတစ်ဝက် စိုက်ပျိုးလေ့ရှိပြီး (၄)ကွက်လျှင် (၁)ဧကခန့်ရှိကြောင်း၊ မျိုးစေ့အား အောက်တိုဘာလတွင်ပျိုးကြဲ၍ တစ်ပတ်ခန့်အကြာ အပင်ပေါက်လေ့ရှိပြီး ပိုသတ်ဆေးတစ်ကြိမ်နှင့် ဓာတ်မြေဩဇာနှစ်ကြိမ်ကျွေးရကြောင်း၊ (၄၅)ရက်အကြာတွင် ပျိုးပင်များအားနုတ်ကာ ပြန်စိုက်ရပြီး တစ်ပတ်တစ်ကြိမ် ဓာတ်မြေဩဇာကျွေးရကြောင်း ၊ စိုက်ပြီး နှစ်လခန့်အကြာတွင် အသီးသီးပြီး အသီးမသီးခင်  ဝါးတိုင်များထောင်ပေးရကြောင်း၊ စသီးချိန်မှ တစ်လခန့်တွင် အသီးစတင်ခူးဆွတ်ရပြီး တစ်ပတ်လျှင်တစ်ကြိမ်ခူးဆွတ်ရကြောင်း၊ တစ်ကြိမ်ခူးလျှင်(သုံးလုံးတစ်စီး) အစီးရေ(၃၀၀ မှ ၅၀၀)ခန့်ရရှိကြောင်း၊ ခူးဆွတ်ပြီးတိုင်း ဓာတ်မြေဩဇာ ထည့်ပေးရကြောင်း၊ ခရမ်းသီးအား စိုက်ပျိုးပြီး ပြုန်းသွားသည်ထိ (၁၀)ကြိမ် (၁၂)ကြိမ်ထိ ခူးဆွတ်ရပြီး တစ်ကွက်လျှင်အစီးရေ (၄၀၀၀)ခန့် ရရှိကြောင်း သိရှိရပါသည်။ အခြားသီးနှံများ စိုက်ပျိုးခြင်းအတွက် မျိုးစေ့အထုပ်များဝယ်၍ စိုက်ပျိုးလေ့ရှိ သော်လည်း ခရမ်းမျိုးစေ့မှာ နှစ်စဉ်ဝယ်ယူရန်မလိုပဲ ယခင်နှစ်ခူးဆွတ်ပြီးသောအသီးမှ မျိုးစေ့ကို ပြန်ယူ၍ စိုက်ပျိုးလေ့ရှိကြောင်း သိရှိရပါသည်။

          ခရမ်းသီးစိုကိပျိုးမှုအနေဖြင့် တစ်ကွက်လျှင် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ဝါးတိုင်ဖိုးနှင့် အလုပ်သမားခအပါအဝင် စုစုပေါင်း ကျပ်လေးသိန်းခန့်ကုန်ကျပြီး ယခင်နှစ်ကတစ်စီးလျှင်(၁၀၀)ကျပ် ရကာ ယခုနှစ် ခရမ်းသီးဈေးကောင်းသောကြောင့် တစ်စီး(၃၀၀)ကျပ်ရရှိသည့်အတွက် တစ်ကွက်လျှင် (၄၀၀၀စည်း×၃၀၀=၁၂၀၀၀၀၀)ရရှိသောကြောင့် အကျိုးအမြတ် ခုနစ်သိန်းမှရှစ်သိမ်းခန့်ရရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ခရမ်းသီးတပိုင်တနိုင် စိုက်ပျိုးသောတောင်သူများအနေဖြင့် အကျိုးအမြတ်များရရှိကာ အပိုဝင်ငွေများရရှိနေကြောင်း ရေးသားလိုက်ပါသည်။

DOCA(ရှမ်း)