ရွှေဘိုပဲတီစိမ်းဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၊ အစုအဖွဲ့နှင့် ကုန်စည်ဒိုင်များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းပြီးအသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များပိုမိုခိုင်မာအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်စည်ဒိုင်များ၏သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိပါသည်။

     ပဲတီစိမ်းမှာ မေလ၊ ပထမအပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် (၈၀၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၃၇၅၀)တင်း/ (၁၂၂)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၇၅၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် ပဲတီစိမ်းတစ်တင်းလျှင် (၄၄၀ဝိ/-)ကျပ်ဈေးနှုန်းပိုမိုရရှိခဲ့ကြောင်း၊ ယခုအပတ်တွင် ပဲတီစိမ်းတစ်မျိုးတည်းသာဝင်ရောက်မှုရှိပြီး အခြားသီးနှံများဝင်ရောက်မှုမရှိကြောင်း၊ ပဲတီစိမ်းဈေးနှုန်း ဆက်လက်မြင့်တက်လာသည့်အတွက် တောင်သူများအကျိုးအမြတ်ရရှိလာသည့်အပြင် ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)