ပဲခူးငါးချဉ်စျေးကွက် ဆက်လက်ဖွံ့ဖြိုးနေ

Powered by Drupal

       ပဲခူးမြို့တွင် ဒေသထွက်ကုန်အနေဖြင့် ငါးချဉ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြပြီး ပဲခူးမြို့အခြေပြု ထုတ်လုပ်ရောင်းချသော ငါးချဉ်အမှတ်တံဆိပ်များတွင် ပဲခူး (မနီ)၊ အေးမိစံ၊ ကမ္ဘာကျော်၊ ကောင်းထက်စံ၊ ပဲခူးအောင်၊ မမွန်လေး၊ မနိုင်၊ ကျော်ကြား၊ ရွှေဟင်္သာ စသည့် တံဆိပ်အသီးသီးဖြင့် ထုတ်လုပ်လုပ်ကိုင်လျက်ရှိကြရာ လုပ်ငန်းရှင်(၂၀)ဦးကျော်လုပ်ကိုင်လျက်ရှိကြောင်းသိရှိရသည်။

       ငါးချဉ်ပြုလုပ်ရာတွင် အဓိကအသုံးပြုသည့်ငါးမှာ ငါးဖယ်ဖြစ်ပြီး ငါးဖယ်ရှားပါးသော အချိန်ကာလများတွင် ငါးမြစ်ချင်းငါးကိုအစားထိုး၍ ထုတ်လုပ်ပြီး ကုန်ကြမ်းအဖြစ် အသုံးပြုသည့်ငါးများကို ပဲခူးမြို့ရှိငါးဒိုင်များမှ ဝယ်ယူအသုံးပြုလျက်ရှိသည်။ ငါးချဉ်ထုပ်ပိုးရာတွင်အသုံးပြုသည့် တောင်စွန်းဖက်ရွက်များကို ပွဲစားများထံမှ အရွက်ကြီးလျှင် ငါးကျပ်၊ အရွက်သေးလျှင် သုံးကျပ်ခန့်ဖြင့်ဝယ်ယူရပြီး ငါးချဉ်တစ်ထုပ်လျှင် ငါးချဉ်၈ကျပ်သားခန့်ပါရှိကာ တောင်စွန်းဖက် သုံးရွက်ခန့်အသုံးပြု၍ ထုပ်ပိုးရောင်းချကြောင်းသိရှိရသည်။         

        ငါးချဉ်ထုတ်လုပ်သည့် လုပ်ငန်းငယ်တစ်ခုတွင် ၁ရက်လျှင် ငါးပိဿာချိန် (၁၀)မှ (၉၀)အထိလုပ်ကိုင်နိုင်ပြီး အချိန်(၁၀)လျှင် အထုပ်အရေအတွက်(၂၀၀)ခန့်ထွက်ရှိကြောင်း၊ ငါးအချိန်(၁၀) အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ (၃)သိန်းခွဲဝန်းကျင်ခန့်ရှိကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ သြဂုတ်လ၊ တတိယအပတ်တွင် စျေးနှုန်းအနေဖြင့် ငါးချဉ်(၁၀)ကျပ်သားတစ်ဘူးလျှင် (၄၀၀၀) ကျပ်၊ ပုစွန်ချဉ်(၁၀)ကျပ်သားတစ်ဘူးလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း၊ စျေးကွက်အနေအားဖြင့် ပဲခူးမြို့၊ ဘုရားကြီး၊ မဒေါက်၊ ရွှေကျင်၊ ဒိုက်ဦး၊ ဝေါ၊ ပြွန်တန်ဆာ စသည့်မြို့နယ်များ၌လည်း ထုတ်လုပ်ရောင်းချနေကြောင်းသိရှိရပါသည်။

          ငါးချဉ်သည် ငါးနှင့်ပြုလုပ်ထားသည့်အတွက် ဗီတာမင် D နှင့်Omega3 ကြွယ်ဝစေခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါတချို့ကိုကာကွယ်စေနိုင်ခြင်း၊ ငါးစားသုံးခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်း၊  ဗီတာမင် D နှင့် ပရိုတိန်းဓာတ်သည် အရိုးဆစ်ကြီးထွားရန်အတွက် အားပေးပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ခြင်း၊ မိတ်ဆွေများအတွက် လက်ဆောင်ပေးရန်သင့်တော်ခြင်း စသည်တို့ကြောင့် ဝယ်ယူသုံးစွဲမူမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)