
နနွင်းမှုန့်သည် မြန်မာတို့အတွက် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်သကဲ့သို့ ဆေးဖက်လည်းဝင်သဖြင့် အိမ်တိုင်းတွင် မရှိမဖြစ်သော ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ အိမ်ခြံဝင်းများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူတချို့လည်းရှိပါသည်။ စိုက်ပျိုးရလွယ်ကူပြီး ထိန်းသိမ်းရသည့် စရိတ်စကအနည်းဆုံးသီးနှံဖြစ်ပါသည်။
နနွင်းသည် မျိုးစေ့စိုက်ပျိုးသည့် အပင်မဟုတ်ဘဲ ဥ၊ အတက်တို့မှ မျိုးပွားခြင်းဖြစ်ပါသည်။ မိုးဦးကျကာလတွင် စိုက်ပျိုးကြပြီး အပင်အမြင့်မှာ ၃ပေခန့်ရှိပါသည်။ စိုက်ပျိုးချိန် ၆လခန့်အကြာတွင် ဥများစတင်ထွက်ရှိပြီး ၈လအကြာတွင် နနွင်းဥများတူးဖော်နိုင်ပြီဖြစ်ပါသည်။
နနွင်းရွက်၊ နနွင်းပွင့်တို့ကိုလည်းစားသုံးနိုင်ပါသည်။ နနွင်းဥကိုတူးဖော်ပြီး ရေစင်အောင်ဆေး၍ အခြောက်လှန်းပြီးမှသာ အမှုန့်ကြိတ်ရပါသည်။ တောင်ငူမြို့နယ်၊ ညောင်ကိုင်းရွာမှ နနွင်းစိုက်တောင်သူတစ်ဦးက နနွင်းဥများကို အမှုန့်ကြိတ်စက်တွင် အမှုန့်ကြိတ်ပြီးနောက် ရရှိလာသောနနွင်းမှုန့်များကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် တောင်ငူမြို့ရှိဈေးများသို့ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့်ရောင်းချရကြောင်းသိရပါသည်။
DOCA(ပဲခူး)