ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ကင်းမုံသီးဈေးနှုန်းနှင့် ကျန်းမာရေးအကျိုးအာနိသင်များ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ရာသီပေါ်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်းအပြင် မိသားစုတစ်နိုင်တစ်ပိုင်အနေဖြင် ကင်းမုံသီးကို စိုက်ပျိုးရောင်းချလျက်ရှိကြပြီး ကင်းမုံသီးကို မိမိတို့အိမ်ခြံဝင်းများတွင် စင်ထိုးစိုက်ပျိုးခြင်းနှင့် မြေအောက်ရေတင်စနစ်ဖြင့်စိုက်ပျိုးကြသည်ကိုသိရှိရပါသည်။ ကင်းမုံသီးမျိုးများမှာ (၂)မျိုးရှိပြီး ကင်းမုံအချိုသီးနှင့် ကင်းမုံအခါးသီးဟူ၍နှစ်မျိုးရှိပြီး ကင်းမုံသီးကို ကျွန်းလှမြို့နယ်အတွင်းရှိကျေးရွာများမှ  ဖောက်သည်ယူ၍  ရောင်းချရကြောင်းသိရသည်။

         ကင်းမုံသီးကို မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံအမျိုးမျိုးဖြင့် ချက်စားနိုင်ပြီး မျှစ်နှင့်ရောချက်ခြင်း၊ ကြက်ဟင်းခါးသီးနှင့်ရောကြော်ခြင်း၊ ပဲသီး၊ ခရမ်းသီးတို့နှင့်ရောချက်ခြင်း၊ ကစော့သီးတို့နှင့်ရောကြော်ခြင်း၊ ကင်းမုံသီးကို ထုပြားပြီးကြော်စားခြင်း၊ ကင်းမုံသီးကိုပြုတ်၍ ငါးပိရည်တို့စရာအဖြစ် စားသုံးခြင်းနှင့် ကင်းမုံသီးကို မျှစ်တို့နှင့်ရောနှောချက်စားခြင်းတို့ဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်ပါသည်။

         ကင်းမုံသီး၏ ကျန်းမာရေးအကျိုးအာနိသင်များဖြစ်သည့် အာရုံကြောအားကောင်းစေခြင်း၊ အဝလွန်ခြင်းကိုကာကွယ်ပေးခြင်း၊ ပင်ပန်းနွမ်းနယ်မှုကိုပျောက်ကင်းစေခြင်း၊ ကင်းမုံသီးတွင်ပါဝင်သော သံဓာတ်ပါဝင်မှုကြောင့် သွေးအားကောင်းစေခြင်း၊ ဆီးချိုရောဂါကိုထိန်းညှိပေးခြင်းနှင့် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေခြင်း၊ သွေးနီဥဆဲများကိုထုတ်လုပ်ပေးခြင်း၊ အစာချေစနစ်ကိုကောင်းမွန်စေခြင်း၊ ကင်းမုံသီးမှာ ကယ်လစီယမ်ဓာတ်များပါဝင်သောကြောင့် ကျောက်ကပ်ကျောက်တည်ခြင်းကိုကာကွယ်ပေးခြင်း၊ ဓာတ်မတည့်မှုများမဖြစ်အောင်ကာကွယ်ပေးခြင်း စသည့်အကျိုးအာနိသင်များရှိသည့်အတွက် ကင်းမုံသီးကို များများစားသုံးသင့်ကြောင်းသိရှိရပါသည်။

       ၂၀၂၄ခုနှစ်၊ ယခုဩဂုတ်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကင်းမုံသီးဈေးနှုန်းများမှာ ကင်းမုံသီးတစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ ကင်းမုံသီး နို့ဆီဘူး(၄)ဘူးလျှင် (၁၈၀၀)ကျပ်၊ ကင်းမုံသီး နို့ဆီဘူးတစ်ဘူးလျှင် (၅၀၀)ကျပ် စသည့်ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)