အထက်မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာ၌ ချည်မျှင်ရှည်ဝါသီးနှံစတင်စိုက်ပျိုး

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊  သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ရေခါး၊ ကုန်းကြီး၊ တောင်ဦး၊ လယ်လှနှင့် ဒေါင်းဘုတ် စသည့်ကျေးရွာများတွင်  ချည်မျှင်ရှည်ဝါကို ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(တတိယပတ်)မှ စတင်၍ စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

      အထက်မင်းလှမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စုရှိ တောင်ဦးကျေးရွာတွင် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)မျိုးကို ဝါစိုက်တောင်သူ(၂၅၀)ဦးခန့်မှ စိုက်ဧက(၈၀၀)ဧကခန့် စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲအစေ့ချစနစ်နှင့် ကျဲပက်စနစ်ကို အသုံးပြု၍ စိုက်ပျိုးကြကြောင်း သိရ သည်။ ၎င်းအနေဖြင့် ရွှေတောင်(၁၀)မျိုးကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့်ဝယ်ယူ၍  ထွန်ကြောင်း ဆွဲစနစ်ဖြင့် (၁)ဧကခွဲခန့်စိုက်ပျိုးထားကြောင်း၊ ရက်ပေါင်း (၁၂၀)ကျော်တွင် ဝါကောက်ယူနိုင်ပြီဖြစ်ကြောင်း၊ (၁)ဧကလျှင် မျိုး(၇)ပိဿာခန့် ကုန်ကျကြောင်း၊  စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်  (၁)ဧကလျှင် မျိုးခ၊ မြေပြုပြင်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်း ကျပ်(၃၀၀၀၀၀)ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ဝါပိဿာ(၅၀၀)ကျော်ထွက်ရှိပြီး (၁)ပိဿာလျှင် ကျပ်(၂၈၀၀ - ၃၂၀၀)ဈေးနှုန်းရရှိခဲ့ကြောင်း၊ ဝါသီးနှံမှာ ရာသီဥတုကောင်းမွန်မူ ပေါ်မူတည်၍ အထွက်နှုန်းကွာခြားချက်ရှိကြောင်း၊ ယခင်နှစ်က မင်းလှမြို့နယ်၌ ရာသီဥတုကြောင့် ဝါသီးနှံအထွက်နှုန်းလျော့နည်းခဲ့သော်လည်း ဈေးကောင်းရရှိသောကြောင့် ဝါစိုက်တောင်သူများ အနေဖြင့် အကျိုးအမြတ်များရရှိခဲ့ကြကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ဝါပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း တောင်ဦးကျေးရွာနေ ဝါစိုက်တောင်သူတစ်ဦးထံမှ  သိရှိရပါသည်။

DOCA(မကွေး)