ပေါင်းတည်မြို့နယ်တွင် ဖူးစားပြောင်းများလှိုင်လှိုင်ထွက်ရှိ

Powered by Drupal

     နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း၌ မိုးရာသီစိုက်ပြောင်းဖူးများလှိုင်လှိုင်ထွက်ရှိလျက်ရှိပါသည်။ ထွက်ရှိလျက်ရှိသော ပြောင်းဖူးအမျိုးအစားများမှာ ပြောင်းဖူးအဖြူ၊ ကာလာ(၅)မျိုးပါ အရောင်စပ်ပြောင်းဖူး၊ သကြားပြောင်းဟုခေါ်သည့် အဝါရောင်ပြောင်းဖူးများဖြစ်ပါသည်။ ပြောင်းဖူးများကို  ပေါင်းတည်မြို့နယ်၊ ဘိုသာအောင်ကုန်းအုပ်စု၊ ကြူတောကန်အုပ်စု၊ တောင်ဘို့လှအုပ်စုများတွင် အများဆုံးစိုက်ပျိုးကြပါသည်။

    ဩဂုတ်လ ဒုတိယပတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ပြောင်းဖူးဈေးနှုန်းများမှာ ပြောင်းဖူးအဖြူနှင့် ကာလာ(၅)မျိုးပါ အရောင်စပ်ပြောင်းဖူးတစ်ဖူးလျှင် လက်လီ (၄၀၀)ကျပ်၊ လက်ကား (၃၅၀)ကျပ်၊ ပြောင်းဖူးအဝါ(သကြားပြောင်း)တစ်ဖူးလျှင် လက်လီဈေး (၇၀၀)ကျပ်၊ လက်ကား (၆၀၀)ကျပ်ဈေးတို့ဖြင့်ရောင်းချခဲ့ရာမှ ယခုပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန်ဖြစ်သဖြင့် ဩဂုတ်လ တတိယပတ်တွင် ပြောင်းဖူးအဖြူနှင့် ကာလာ(၅)မျိုးပါ အရောင်စပ်ပြောင်းဖူးတစ်ဖူးလျှင် လက်လီ (၃၀၀)ကျပ်၊ လက်ကား (၂၀၀)ကျပ်၊ ပြောင်းဖူးအဝါ(သကြားပြောင်း)တစ်ဖူးလျှင် လက်လီ (၄၀၀)ကျပ်၊ လက်ကား (၃၀၀)ကျပ်ဈေးသာရှိသဖြင့် ဈေးနှုန်းကျဆင်းသွားကြောင်းသိရပါသည်။ ပြောင်းဖူးများလှိုင်လှိုင်ပေါ်ထွက်လာသည့်အတွက် ဈေးနှုန်းများကျဆင်းသွားသော်လည်း ပုံမှန်ရောင်းဝယ်လျက်ရှိပါသည်။ ပြောင်းဖူးအမျိုးအစားအားလုံးကို မြို့နယ်တွင်းသာမက အခြားမြို့နယ်များသို့လည်း ကားများဖြင့် တင်ပို့ရောင်းချလျက်ရှိသည်ဟုသိရှိရပါသည်။

(DOCAပဲခူး)