တစ်နိုင်တစ်ပိုင် ကြက်သွန်ခြောက်မုန့်လုပ်ငန်း

Powered by Drupal

                  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းကျေးရွာတွင် အိမ်တွင်းမှုစားသောက်ကုန် မိသားစုတစ်နိုင်တစ်ပိုင် ကြက်သွန်ခြောက်မုန့်လုပ်ငန်းများဖြင့် ပုံမှန်ဝင်ငွေရနေကြောင်း သိရသည်။

                 ကြက်သွန်နီအား တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ခြင်းဖြစ်ရာ ကြက်သွန် ခြောက်မုန့်လုပ်ငန်းထုတ်လုပ်မှုအား လေ့လာရာတွင် ကုန်ကြမ်းကြက်သွန်ကို မုံရွာမြို့တွင်း ပွဲရုံများမှ တစ်ပိဿာလျှင် ၈၀၀ ကျပ်ဖြင့်ဝယ်ယူရကြောင်း၊ လုပ်သား(၅)ယောက်နှုန်းဖြင့် လုပ်ကိုင်လျှင် ကြက်သွန်နီ ပိဿာချိန် ၂၀ ခန့် ကုန်ကြမ်းအသုံးပြုရကြောင်း၊ ကုန်ချောဖြစ်လာစေရန် ကြက်သွန်နီအား ဦးစွာအခွံသင်၍ ရေနွေးဖြင့်ပြုတ်ရကြောင်း၊ ရရှိလာသောပြုတ်ဖတ်များကို အနှစ်တိုက်ကာ ကော်မှုန့်၊ အိမ်သုံးဆား၊ ဟင်းခတ်မှုန့်တို့ဖြင့် သမအောင်ရောမွှေ၍ ရေနွေးငွေ့ပေးပေါင်းခံရကြောင်း၊ ပေါင်းခံပြီးမုန့်သားများကို နေလှန်း၍ ခပ်ဖန့်ဖန့်အနေအထားတွင် အအေးခံ၍ တစ်ညသိပ်နှပ်ထားပြီး ဘေးသားများကို ပယ်ထုတ်၍ မိမိကြိုက်နှစ်သက်ရာပုံစံ(လေးထောင့်/အဝိုင်း)ကိုက်ဖြတ်၍ အသင့်ထုတ်ပိုးရကြောင်းသိရသည်။ ဈေးကွက်ဈေးနှုန်းအနေဖြင့် အသင့်စားကြက်သွန်ခြောက်မုန့် တစ်ပိဿာလျှင် လက်လီဈေး ၂၆၀၀ ကျပ်နှင့် လက္ကားဈေး ၂၅၀၀ နှုန်းဖြင့် ရွှေဘို၊ မော်လိုက်၊ ခန္တီး၊ ဖောင်းပြင် ဒေသများသို့ ဖြန့်ဖြူးရောင်းချကာ ပုံမှန်ဝင်ငွေရနေကြောင်း သိရသည်။

       အရသာရှိပြီး အသင့်စားသုံးနိုင်သော ကြက်သွန်ခြောက်မုန့်များကို အလှူပွဲ၊ မင်္ဂလာပွဲများတွင် မုန့်ပဲသရေစာအဖြစ် ဧည့်ခံကျွေးမွေးကြပြီး ကြက်သွန်ကြော်မုန့်လုပ်ငန်းရှင်များကလည်း အသင့်စား ကြက်သွန်ကြော်မုန့်များအဖြစ် ပြန်လည်ရောင်းချရန် ဝယ်ယူမှုရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)