ယင်းမာပင်ခရိုင်အတွင်း ကုလားပဲစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

              ယင်းမာပင်ခရိုင်သည် ယာမြေဧကကျယ်ဝန်းပြီး နှစ်စဉ်ပဲမျိုးစုံသီးနှံများကို အဓိကထား စိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ပဲမျိုးစုံစိုက်ဧက(၃) သိန်းကျော်ရှိသည့်အနက် ကုလားပဲသီးနှံမှာ စိုက်ဧက (၁.၃) သိန်းကျော်ရှိသည့်အတွက် စိုက်ဧကအများဆုံးဖြစ်ပြီး ပဲမျိုးစုံ စုစုပေါင်း (၄၃%) ကျော်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းဇယားများအရ သိရှိရပါသည်။

              ယင်းမာပင်ခရိုင်တွင် မြို့နယ် (၄) မြို့နယ်ရှိသည့်အနက် ပုလဲမြို့နယ်သည် ယာမြေဧရိယာ အကျယ်အဝန်းဆုံးဖြစ်သည့်အလျှောက် ကုလားပဲစိုက်ဧကများလည်း အများဆုံးဖြစ်ကြောင်း သိရှိရပါသည်။ ဆားလင်းကြီးမြို့နယ်သည် ယာမြေများနှင့် ကိုင်း/ကျွန်းမြေများရှိသည့်အတွက် ဒုတိယစိုက်ဧကအများဆုံး မြို့နယ်ဖြစ်သည်။ အဓိကစိုက်ပျိုးသည့်မျိုးများမှာ ကုဖြူလုံးကြီး(V2)၊ ရွှေနီလုံးကြီး (929) နှင့် ကုလားပဲဝါ(ထိုင်ဝမ်)မျိုးများကို အဓိကစိုက်ပျိုးကြကြောင်း လေ့လာ သိရှိရပါသည်။ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ကုန်းစိုက်မြေများစတင်ထွက်ပေါ်ခဲ့ပြီး ချင်းတွင်းမြစ်ရေ ၊ ရေဝင်ဒေသများနှင့် ရိုးပြတ်(သီးထပ်)စိုက်ခင်းများအနေဖြင့် မတ်လအတွင်း  အပြီးရိတ်သိမ်းထွက် ရှိတော့မည်ဖြစ်ကြောင်း တောင်သူရပ်ဝန်းမှ သိရှိရပါသည်။

              ယခုနှစ်ဒေသတွင်း၌ နောက်မိုး(မိုးနှောင်း)ရွာသွန်းခဲ့ခြင်းမရှိသည့်အတွက် ကုလားပဲစိုက် ခင်းများ ရေပေးသွင်းခဲ့ရခြင်းများရှိကြောင်း၊ သွင်းအားစုများဈေးနှုန်းအဆမတန်မြှင့် တက်ခဲ့သည့် အတွက် ယခင်နှစ်ကထက် ကုန်ကျစရိတ်ပိုမိုမြင့်မားခဲ့ကြောင်း၊ ယခုနှစ်အထွက်နှုန်း ပိုမိုထွက်ရှိခဲ့ သလို  ဈေးနှုန်းလည်း မြင့်တက်ခဲ့သည့်အတွက် ထိုက်သင့်သည့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ဒေသခံ တောင်သူများထံမှ သိရှိရပါသည်။ယခုနှစ်  ကုလားပဲတစ်ဧကကုန်ကျစရိတ်မှာ (၂.၅) သိန်းခန့် ကုန် ကျခဲ့ပြီး တစ်ဧက(၁၇)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ တစ်တင်း(၄၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ရသည့်  အတွက် တစ်ဧက(၄)သိန်းကျော်ခန့် အကျိုးအမြတ်ရရှိခဲ့ကြောင်း၊ ကုလားပဲစိုက်တောင်သူ ဦးထွန်းဝေ၏ ပြောကြားချက်အရ သိရှိရပါသည်။

              လက်ရှိဒေသတွင်းမှ ထွက်ရှိသည့် ကုလားပဲများကို မုံရွာဈေးကွက်သို့ အဓိက တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ အချို့တောင်သူများမှာ မိမိတို့တင်ပို့သည့် ကုန်စည်ဒိုင်ပေါက် ဈေးဖြင့် လက်ငင်းငွေချေ ရောင်းချပြီး အချို့မှာ မိမိတို့ ယုံကြည်စိတ်ချရသည့် ပွဲရုံတွင် တက်ဈေး မျှော်လင့်ပြီး ရာသီကုန်ထိ အပ်နှံသိုလှောင်ထားကြောင်း သိရှိရပါသည်။

              ယခုအပတ်တွင် မုံရွာကုန်စည်ဒိုင်ပေါက်ဈေး၌ ကုလားပဲသီးနှံနယ်အဝင်များလျက်ရှိပြီး တစ်ရက်အိတ်ရေ(၅၀၀) မှ(၁၀၀၀)ကြားအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ် ကုလားပဲသီးနှံ မှာ အခြား Export ပဲများနည်းတူ ဈေးမြင့်တက်လျက်ရှိကြောင်း၊ ယခုမတ်လ စတုတ္ထပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်း ကျပ်(၄၃၀၀၀)၊ 929 တစ်တင်း(၄၁၃၀၀)နှင့် ထိုင်ဝမ်တစ်တင်း (၄၁၈၀၀) ပေါက်ဈေးအသီးသီးဖြစ်ပေါ်လျက်ရှိပြီး ယခင်နှစ်ကာလတူ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက တစ်တင်း ကျပ်(၁၀၀၀၀)ကျော်ခန့် အသီးသီးဈေးမြင့်တက်ခဲ့ကြောင်း၊ Export ဝယ်လက်မရှိသော် လည်း ပြည်တွင်းသုံးစွဲမှုများပြီး ဈေးကွက်ဝယ်လိုအားရှိနေသည့်အတွက် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ဒေသတွင်းပဲခွဲစက်၊ ကြာဇံစက်၊ပဲကြော်လုပ်ငန်းများနှင့် ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့ကြီး များမှ ပုံမှန်ဝယ်ယူလျက်ရှိကြောင်း ကုန်သည်များထံမှ လေ့လာသိရှိရပါသည်။

              ယခုနှစ်တွင်ကုလားပဲစိုက်တောင်သူများအနေဖြင့်သွင်းအားစုဈေးနှုန်းများ အဆမတန်မြင့် တက်ခဲ့သည့်အတွက်  တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ ယခင်နှစ်ကထက် ပိုမိုကုန်ကျ ခဲ့သော်လည်း တစ်ဧကအထွက်နှုန်း တိုးတက်ရရှိခဲ့ကြောင်း၊ သီးနှံပေါ်ချိန် ဈေးကောင်းရရှိခဲ့သည့်အ တွက် ကုလားပဲစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိခဲ့ကြောင်း၊ ယခုနှစ် ကုလားပဲဈေးကောင်း သည့်အတွက် လာမည့်နှစ်တွင်လည်း ကုလားပဲစိုက်ဧကများ တိုးတက်မြင့်မားဖွယ်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)