တောင်တွင်းကြီးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ ပန်းတိမ်ငိုပန်းစိုက်ပျိုးခြင်းဖြင့် တောင်သူများအဆင်ပြေလျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ ပွင့်ဖြူ၊ တောင်တွင်း၊ နတ်မောက်မြို့နယ် စသည့် ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ကြက်သွန်နီနှင့် ပဲမျိုးစုံတို့ကို နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးလျက်ရှိပြီး ပန်းတိမ်ငိုပန်းကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ တောင်တွင်းကြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပန်းတိမ်ငိုပန်း စိုက်ဧက(၆)ဧကခန့် စိုက်ပျိုးထားကြောင်း သိရသည်။

    တောင်တွင်းကြီးမြို့နယ်၊ ပေါက်ကုန်းကျေးရွာရှိ တောင်သူဒေါ်ညွန့်မှ (၁)ဧကခန့်စိုက်ပျိုးထားပြီး ၎င်းအနေဖြင့် ပြင်ဦးလွင်မှ ပန်းတိမ်ငိုပန်းဥမျိုးကို ပန်းအမျိုးအစားအလိုက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀-၁၅၀၀၀)ဖြင့်ဝယ်ယူ၍ စိုက်ပျိုးကြောင်း၊ (၁)ဧကလျှင် မျိုးဥပိဿာ(၃၀၀-၃၅၀) ပိဿာ ခန့် ကုန်ကျကြောင်း၊ မြေကို ထွန်ယက်ပြုပြင်ပြီး ဘောင်တင်စနစ်ဖြင့် ပင်ကြားတန်းကြား (၁၆) လက်မခြား၍ စိုက်ပျိုးကြောင်း၊ အစိုဓါတ်ရှိသောမြေတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ ၂၀၂၄ခုနှစ်၊ ဧပြီလတွင် စတင်စိုက်ပျိုးပြီး ဇွန်လတွင် ခူးယူရောင်းချပါကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင်   ကျပ်သိန်း(၇၅)ခန့်ကုန်ကျပြီး  ရောင်းတန်းဝင်ပန်းပင် (၇၅၀၀၀)ပင် ခန့်ရရှိကြောင်း၊ ပန်းတိမ်ငိုပန်းတစ်ပင်လျှင် လက္ကားဈေးနှုန်း ကျပ်(၂၁၀)ဖြင့် ရောင်းချရ၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၈၂)သိန်းကျော်ရရှိကာ စိုက်ပျိုးတောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိကျေးရွာများနှင့် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့ရှိ ပန်းအရောင်းဆိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)