ချောင်းဦးဒေသထွက် ဂျုံရိုးခမောက်ဈေးကွက်အရောင်းသွက်

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်သည် ပူပြင်းခြောက်သွေ့သော အညာဒေသ ဖြစ်သည့်အတွက် မတ်လလယ်လောက်မှစ၍ အပူချိန်များ မြင့်တက်လျက်ရှိပါသည်။ အပူချိန်များ မြင့်တက်လာသည်နှင့်အမျှ ကျေးလက်နေဒေသခံများအဖို့ တောင်သူလုပ်ငန်းများ လုပ်ကိုင်ရာတွင်လည်းကောင်း၊ ခရီးတိုများသွားလာရာတွင်လည်းကောင်း အပူဒဏ်ကာကွယ်ရန်အတွက် ဦးထုပ်၊ ခမောက်များကို အသုံးပြုကြရသည်။

      မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာတွင် ဒေသခံများအနေဖြင့် မိရိုးဖလာတောင်သူလုပ်ငန်းများ လုပ်ကိုင်ကြရုံသာမက ရှေးယခင်ကပင် ဂျုံရိုးခမောက်လုပ်ငန်းကို စီးပွားဖြစ်တွင်ကျယ်စွာ လုပ်ကိုင်လာကြသည်။ ဂျုံရိုးခမောက်လုပ်ကိုင်ရန် ကုန်ကြမ်းဂျုံအရိုးများကို ရိတ်သိမ်းမည့် အခင်းသို့ ရိတ်သိမ်းခမယူဘဲ အခင်းရှင်အား အနှံပေး၊ အရိုးပြန်ယူစနစ်ဖြင့် ရိတ်သိမ်းပေးရသည်။ ကုန်ကြမ်း ဂျုံအရိုးများကို လုပ်သားအင်အား (၂၀)ဦးခန့်မှ ရေစိမ်ခြင်း၊ ကြိုးကျစ်ခြင်း၊ ချုပ်လုပ်ခြင်းများ ပြုလုပ်ကြပြီး ခမောက်အမျိုးအစားပေါင်း(၁၀)မျိုးခန့် ချုပ်လုပ်ကြကြောင်း၊ သာမန်အရွယ်အစား ခမောက်တစ်လုံးကို ကျစ်ကြိုးအရှည် (၄၅) တောင် ကုန်ကြောင်း၊ ပို၍ကျယ်ပြန့်လိုပါက (၅၅-၆၀) တောင် အသုံးပြု၍ ချုပ်လုပ်ကြကြောင်း၊ ချုပ်လုပ်ပြီးသော ခမောက်များကို ဆေးခြယ်ခြင်း ၊ ကြိုးတပ်ခြင်း၊ နေလှန်းခြင်းများ အဆင့်ဆင့်ပြုလုပ်ပြီးလျှင် ဈေးကွက်သို့ပို့ရန်အသင့်အနေအထားသို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ ချောင်းဦးဒေသထွက် ဂျုံရိုးခမောက်များကို  ယခင်နှစ်က တစ်နှစ်ပတ်လုံး ခမောက်အလုံးရေ အမျိုးအစားပေါင်း (၁)သိန်းကျော် တင်ပို့နိုင်ပြီး၊ ယခုနှစ်တွင် အလုံးရေပေါင်း (၂)သိန်းကျော်အထိ တိုးချဲ့ထုတ်လုပ်တင်ပို့နိုင်ကြောင်း၊ အသင့်ဆောင်းခမောက်တစ်လုံးကို ဈေးနှုန်း အနေဖြင့် ယခင်နှစ်က ၁၆၀၀ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောင်းချရသော်လည်း ယခုနှစ်တွင် ၂၂၀၀ ကျပ်မှ  ၃၀၀၀ ကျပ်အထိ အရွယ်အစားလိုက်၍ ရောင်းချရကြောင်း၊ ယခင်နှစ်များအတွင်းက ရန်ကုန်မြို့ ၊ မြစ်ကြီးနားမြို့၊ ပခုက္ကူမြို့၊ မြင်းခြံမြို့များသို့ တင်ပို့ရောင်းချရသော်လည်း ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းဖြစ်သော ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ဖောင်းပြင်မြို့များအထိ တိုးချဲ့တင်ပို့နိုင်ပြီဖြစ်ကြောင်း၊ ချောင်းဦးဒေသထွက် ဂျုံရိုးခမောက်များသည် ချုပ်ရိုးချုပ်သား ခိုင်ခံ့ခြင်း၊ ကျစ်လျစ်မှုရှိခြင်း၊ မိုးရေမထိပါက ဆေးရောင်မမှိန်ဘဲ ( ၃ နှစ်မှ ၅ )နှစ်အထိ မကျိုးမပျက်ခြင်းတို့ကြောင့် လူကြိုက်များလျက်ရှိပြီး အရောင်းသွက်လျက်ရှိကြောင်း၊ ချောင်းဦးမြို့၊ ငါးလုံးတင်ကျေးရွာမှ ဂျုံရိုးခမောက် လုပ်ကိုင်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရှိရပါသည်။

            သို့ဖြစ်ပါ၍ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာမှ ဒေသခံများသည် တောင်သူလုပ်ငန်းအပြင် ဂျုံရိုးခမောက်လုပ်ငန်းမှလည်း ဝင်ငွေရရှိလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)