ပေါက်မြို့နယ်တွင် (မိုး)စပါးများ စတင်စိုက်ပျိုး

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်သည် စပါး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ နှမ်းနှင့် ကုန်စိမ်းသီးနှံများကို နှစ်စဉ်စိုက်ပျိုးကြပါသည်။ စပါးကို အဓိကထားစိုက်ပျိုးပြီး ၂၀၂၄ခုနှစ်၊ ဩဂုတ်လဆန်းပိုင်းမှစ၍ (မိုး)စပါးများကို စတင်စိုက်ပျိုးကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက(၁၂၀၀၀)ခန့်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် မိုးစပါးစိုက်ဧက(၁၀၀၀၀)ခန့်စိုက်ပျိုးထားကြောင်း၊ ဒေသတွင်းနယ်မြေအခြေအနေအရ စိုက်ဧကလျော့နည်းသွားကြောင်းသိရသည်။

    စိုက်ပျိုးရာတွင် စပါးမျိုးအနေဖြင့် အထွက်နှုန်းကောင်းမွန်သည့် ဧရာမင်း၊ ဧရာပဒေသာ၊ ဆင်းသုခစပါးမျိုးများကိုစိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်းဖြင့်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပုံမတူညီ၍ တစ်ဧကလျှင် စပါးမျိုးစေ့ (၈)ပြည်မှ (၁၆)ပြည်ထိကုန်ကျကြောင်း၊ စပါးမျိုးများကို စိုက်ပျိုးရေးဌာနမှ ဝယ်ယူစိုက်ပျိုးကြောင်း၊ တစ်ဧကစိုက်ပျိုးလျှင် ပျမ်းမျှအထွက်တင်း (၇၀ - ၈၀)တင်းထွက်ရှိကြောင်းသိရှိရသည်။ ယခင်နှစ်တွင် စပါးတစ်ဧကလျှင် တင်း(၇၀)ခန့်ထွက်ရှိကြောင်း၊ သီးနှံပေါ်စ၌ ဒေသတွင်းပေါက်ဈေးတွင် ဧရာပဒေသတစ်တင်းလျှင် ကျပ်(၅၀၀၀၀)၊ မနောသုခ တစ်တင်းလျှင် ကျပ်(၄၅၀၀၀)၊ ဆင်းသုခတစ်တင်းလျှင် ကျပ်(၄၀၀၀၀) ဈေးအသီးသီးဖြင့်ရောင်းချရကြောင်း၊ တစ်ဧကဝင်ငွေမှာ ကျပ်(၁၈)သိန်းခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် (၁၆)သိန်းခန့်ရရှိကြောင်းသိရှိရသည်။

       ယခု၂၀၂၄ခုနှစ် (မိုး)စပါး စိုက်ပျိုးချိန်တွင် စက်ဆီ၊ လုပ်အားခ၊ ထွန်စက်ခုတ်ခနှင့် အခြားသွင်းအားစုများ ဈေးနှုန်းကြီးမြင့်ခြင်းကြောင့် တစ်ဧကလျှင် ကျပ်သိန်း(၂၀)ခန့်ကုန်ကျကြောင်း၊ (မိုး)စပါးကို ဒီဇင်ဘာလကုန် ဇန်နဝါရီလဆန်းပိုင်းတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ ရိတ်သိမ်းပြီး စပါးခင်းကျွတ်များတွင် သီးထပ်သီးနှံအဖြစ် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နွေခရမ်း၊ အာလူးသီးနှံများကို ရေသွင်းစနစ်ဖြင့်စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ယခုနှစ် (မိုး)စပါးစိုက်တောင်သူများအနေဖြင့် ရာသီဥတုကောင်းမွန်၍ သီးနှံဖျက်ပိုးကင်းပြီး စပါးအထွက်နှုန်းကောင်းပြီး ဈေးကွက်ကောင်းပါက တောင်သူများအဆင်ပြေမည်ဖြစ်ကြောင်း ပေါက်မြို့နယ် မြောက်ဘက်ကျေးရွာရှိ စပါးစိုက်တောင်သူတစ်ဦးထံမှသိရှိရသည်။

DOCA(မကွေး)