ပြည်မြို့၏ ရက်(၁၀၀)သပြေဈေးကွက်

Powered by Drupal

      ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးများသည် ပြည်မြို့ပေါ်ရှိ နေထိုင်သောလူများသာမက ရပ်ဝေး/ ရပ်နီးတွင်နေထိုင်ကြသောလူများကပါ တကူးတကမှာယူကပ်လှူကြသော ဘုရာပန်း ဖြစ်ပါသည်။ သို့သော် ယခုလိုမိုးအလွန်များသော ကာလဖြစ်သောကြောင့် အောင်သပြေတုံးများ အထွက်နည်းသောအချိန်တွင် ပြည်မြို့ရှိပန်းဈေးကွက်ထဲသို့ ရောက်လာသည် မှာ ရက်(၁၀၀)သပြေပန်းဖြစ်ပါသည်။ ပြည်မြို့မှထွက်ရှိသော အောင်သပြေတုံးမှာ အငုတ်မှ အညွှန့်များဖြာထွက်နေပြီး ရေလဲပေးပါက အညွန့်အသစ်များ ထပ်မံထွက်ပေါ်လာကာ (၁)လခန့် အထားခံပါသည်။ ယခုအခါဈေးကွက်တွင် ရောင်းချနေသောရက်(၁၀၀)သပြေမှာ ကိုင်းမှအရွက်များ ထွက်နေပြီး ပုံမှန်ရေလဲပေးပါက အရွက်များ အစိမ်းနုရောင်မှ အစိမ်းရင့်ရောင်ပြောင်းကာ အရွက်များ ကြွေခြင်းမရှိပဲ အနည်းဆုံး ၆လမှ ၈လခန့် အထားခံပါသည်။ ရက်(၁၀၀)သပြေကို ကိုင်းကြီး၊ ကိုင်းလတ်၊ ကိုင်းသေးအစည်းဟူ၍ သုံးမျိုးရောင်းချကြောင်း သိရပါသည်။  ၂၀၁၄ခုနှစ် သြဂုတ်လနောက်ဆုံးအပတ်တွင် ရောင်းဈေးမှာ သပြေကိုင်းကြီးတစ်ခက်လျှင် ၂၀၀၀ကျပ်၊ ကိုင်းလတ်တစ်ခက်လျှင် ၁၀၀၀ကျပ်နှင့် ကိုင်းသေး(၅)ခက်ပါ တစ်စည်းလျှင် ၁၂၀၀ကျပ်ဖြင့် ရောင်းချကြပါသည်။ ကိုင်းကြီးမှာ ပိုမို၍ကြာရှည်စွာအထားခံကြောင်း သိရှိရပါသည်။ ယခင်က ရက်(၁၀၀) သပြေကို ရန်ကုန်မြို့သို့ ရောက်ရှိလာမှသာ ဝယ်ယူရရှိသော်လည်း ယခုအခါတွင် ပြည်ဈေးကွက်၌ လိုအပ်သလိုဝယ်ယူမှုရှိသောကြောင့် ဘုရားကျောင်းဆောင်များတွင် စိမ်းစိမ်းစိုစိုနှင့် ကျက်သရေရှိလှပါသည်။ သပြေတုံးများမှာ မိုးများသောကြောင့် သပြေတုံးများအဝင်နည်းနေချိန်တွင် ရက်(၁၀၀)သပြေများ ဈေးကွက်တွင် ဦးမော့လျက်ရှိကြောင်း သိရှိရပါသည်။

 DOCA(ပဲခူး)